မိုးကုတ်ပတ္တမြားမြေက မြေဧကရှစ်သောင်း ဝိရောဓိ

ဘုန်းနေ (Mandalay In-depth News)

“မိုးကုတ်သူ၊ မိုးကုတ်သားတွေက သူခိုး မဖြစ်ချင်တော့ဘူး”

ကိုယ်ခန္ဓာ ပိန်ပိန်ပါးပါးနှင့် အသက်လေးဆယ် ဝန်းကျင်အရွယ် ကိုမြင့်ထူးက ပြတ်ပြတ်သားသား စကားဆိုသည်။

မိုးကုတ်မြို့ အနောက်ပိုင်း ကျပ်ပြင်ရပ် ရေအေးကျေးရွာတွင် နေထိုင်သော ကိုမြင့်ထူးသည်  မိရိုးဖလာ အလုပ်ဖြစ်သည့် ကျောက်မျက်ရတနာ ရှာဖွေတူးဖော်ခြင်း လုပ်ငန်းဖြင့် အသက်မွေးသူ ဖြစ်သည်။ မိုးကုတ်ဒေသခံများအတွက် လုပ်ကိုင်ခွင့် ချထားပေးရန်ဟုဆိုကာ အစိုးရက သတ်မှတ်လိုက်သည့် လက်လုပ်လက်စား ကျောက်မျက်လုပ်ကွက် မြေနေရာများနှင့် ပတ်သက်၍ ၎င်းက ဝေဖန်ပြောကြားနေခြင်း ဖြစ်သည်။

“ပေးတဲ့နေရာတွေက ဒေသခံတွေအတွက် အကျိုးမရှိဘူးဆိုရင် စားဝတ်နေရေးအတွက် ခိုးတူးနေကြမှာပဲ၊ ခိုးတွင်းလည်း ဘယ်တော့မှ မပျောက်ဘူး။ ဒေသခံတွေ လိုချင်တာက နိုင်ငံတော်ကနေ ကျောက်ထွက်တဲ့ နေရာတွေမှာ ဒီနားလုပ်ကွာဆိုပြီး ချပေးတဲ့အခါ ဥပဒေရဲ့ စောင့်ရှောက်မှု အမိုးအကာ အောက်မှာ တူးစားချင်တာ။ ကျောက်ထွက်တဲ့နေရာ မပေးရင် ခိုးတူးကြမှာပဲ”

မိုးကုတ်ဒေသ ကျောက်မျက်ရတနာ တူးဖော်ရေး လုပ်ငန်းခွင်။ Photo - Bhone Nay (Mandalay In-depth News)
မိုးကုတ်ဒေသ ကျောက်မျက်ရတနာ တူးဖော်ရေး လုပ်ငန်းခွင်။ Photo – Bhone Nay (Mandalay In-depth News)

မိုးကုတ်ဒေသသည် ပတ္တမြားနှင့် နီလာအပါအဝင် ကျောက်မျက်ရတနာမျိုးစုံ တူးဖော်ထွက်ရှိသော ဒေသဖြစ်ပြီး ကမ္ဘာကျော်သည့် ပတ္တမြားမြေ ဖြစ်သည်။ မိုးကုတ်ဒေသခံ အများစုသည်လည်း ကျောက်မျက်ရတနာ ရှာဖွေတူးဖော်ခြင်း၊ ကျောက်သွေးကျောက်ဖြတ်လုပ်ငန်းနှင့် ကျောက်မျက်ရတနာ အရောင်းအဝယ် လုပ်ငန်းများ လုပ်ကိုင်ခြင်းဖြင့် အသက်မွေးကြသည်။

သို့သော် ရတနာမျိုးစုံ တူးဖော်ထွက်ရှိသည့် မြေပေါ် နေထိုင်ရသော်လည်း “မြင်သာမြင် မကြင်ရ”ဆိုသလို ကိုမြင့်ထူးမှာ သူ့တစ်သက်တွင် တရားဝင် လွတ်လွတ်လပ်လပ် ကျောက်မျက်ရတနာ တူးဖော်လုပ်ကိုင်ခွင့် မရခဲ့ဟု ဆိုသည်။

မိုးကုတ်ဒေသ ကျောက်မျက်ရတနာ တူးဖော်ရေး လုပ်ငန်းခွင်။ Photo - Bhone Nay (Mandalay In-depth News)
မိုးကုတ်ဒေသ ကျောက်မျက်ရတနာ တူးဖော်ရေး လုပ်ငန်းခွင်။ Photo – Bhone Nay (Mandalay In-depth News)

၁၉၉၀ ကျော်ကာလများ၌ မိုးကုတ်ဒေသရှိ ကျောက်မျက်တူးဖော်ရေး လုပ်ငန်းများသည် နိုင်ငံတော်နှင့် အကျိုးတူ ဖက်စပ် လုပ်ကိုင်သည်ဆိုသော ကုမ္မဏီကြီးများနှင့် အစိုးရနီးစပ်သည့် လုပ်ငန်းရှင်များလက်ဝယ်သို့  ဆိုက်ရောက်သွားခဲ့သည်။

ကျောက်မျက်တူးဖော် လုပ်ကိုင်ခွင့် ပိတ်ပင်ခံရပြီးနောက် မိုးကုတ်ဒေသခံ အများစုမှာ တရားမဝင် ကျောက်မျက်တူးဖော်သည့် ဒေသအခေါ် ခိုးတွင်းများဖြင့် ကျီးလန့်စာစား လုပ်ကိုင်စားသောက်ခဲ့ရပြီး ကုမ္မဏီများ၏ စွန့်ပစ် မြေစာပုံများတွင် ကျောက်မျက်ရှာဖွေခြင်းဖြင့် အသက်ဆက်ခဲ့ရသူများ ရှိသလို အချို့သည် ကျောက်မျက်တူးဖေါ်ခွင့် မရသည့်အခါ စီးပွားရေးကြပ်တည်းလာမူကြောင့် မိုးကုတ်ဒေသကို စွန့်ခွာသွားကြပြီဟု  မိုးကုတ်မြို့၊ အရှေ့ပိုင်း ရေပူရပ်ကွက်နေ  ဦးအောင်စိုးလင်းက ရှင်းပြသည်။

မိုးကုတ်ဒေသ ကျောက်မျက်ရတနာ တူးဖော်ရေး လုပ်ငန်းခွင်။ Photo - Bhone Nay (Mandalay In-depth News)
မိုးကုတ်ဒေသ ကျောက်မျက်ရတနာ တူးဖော်ရေး လုပ်ငန်းခွင်။ Photo – Bhone Nay (Mandalay In-depth News)

အာဏာရှင်အစိုးရ အဆက်ဆက် ကျောက်မျက်တူးဖော် လုပ်ကိုင်ခွင့် ပိတ်ပင်ခံခဲ့ရသည့် မိုးကုတ်ဒေသခံများသည် ၂၀၁၅ရွေးကောက်ပွဲအပြီး အများပြည်သူ မဲပေးရွေးချယ်မူဖြင့် အာဏာရလာသော အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အစိုးရလက်ထက်တွင်မူ တရားဝင် ကျောက်မျက်တူူးဖော်ခွင့် ရရန် မျှော်လင့်ခဲ့ကြပြီး ဒီချုပ်အစိုးရကလည်း ကျောက်မျက်ဥပဒေကို ပြင်ဆင်ကာ မိုးကုတ်ဒေသခံများအတွက် ကျောက်မျက်တူးဖော်ခွင့် ပြုရန် စီစဉ်ခဲ့သည်။

သို့သော် မိုးကုတ်ဒေသခံများအတွက် ချထားပေးမည့် တနိုင်တပိုင် ကျောက်မျက်လုပ်ကွက် မြေနေရာများကို အစိုးရက ဖော်ထုတ်သတ်မှတ်လိုက်ချိန်တွင် မိုးကုတ်ဒေသခံများအတွက် “မှန်းချက်နှင့် နှမ်းထွက်မကိုက်” ဖြစ်ခဲ့သည်။

မိုးကုတ်ဒေသ ကျောက်မျက်ရတနာ တူးဖော်ရေး လုပ်ငန်းခွင်။ Photo - Bhone Nay (Mandalay In-depth News)
မိုးကုတ်ဒေသ ကျောက်မျက်ရတနာ တူးဖော်ရေး လုပ်ငန်းခွင်။ Photo – Bhone Nay (Mandalay In-depth News)

အစိုးရက လက်လုပ်လက်စား ကျောက်မျက်လုပ်ကွက်များ အဖြစ် သတ်မှတ်လိုက်သည့် မြေနေရာများသည် ကျောက်မျက်ထွက်ရှိခြင်း မရှိသည့် မြေနေရာများဖြစ်သည်ဟု မိုးကုတ်ဒေသခံများက ဝေဖန်သည်။

ကျောက်မျက်လုပ်ကွက် ခွဲဝေသတ်မှတ်မှုအရ ငွေကြေးတတ်နိုင်သည့် လုပ်ငန်းရှင်များသည် ကျောက်မျက်ရတနာ အများအပြား ထွက်ရှိနိုင်သည့် နေရာကောင်းများကို လုပ်ကိုင်ခွင့် ရရှိမည်ဖြစ်ပြီး သာမန်ဆင်းရဲသား ဒေသခံအများစုမှာမူ ကျောက်မျက်တူးဖော် ထွက်ရှိနိုင်ခြေ အလွန်နည်းပါးသည့် အစွန်အဖျားနေရာများတွင်သာ လုပ်ကိုင်ရမည့်သဘော ဖြစ်နေသည် ဟု ဒေသခံများက ပြောသည်။

“လက်လုပ်လက်စား ချပေးမယ့် နေရာတွေက ကျောက်မထွက်ဘူး။ ဒီကလူတွေအတွက် ဘယ်လိုမှ အကျိုးမပြုဘူး”ဟု အသက်(၆၀)ကျော် အရွယ် မိုးကုတ်ဒေသခံ ဦးအောင်မြင့်က ပြောသည်။

ဦးအောင်မြင့်သည် ကျောက်တွင်းဆရာ တစ်ဦးဖြစ်ပြီး အသက်(၁၉)နှစ် အရွယ်မှ စ၍ ကျောက်မျက် တူးဖေါ်ရေးလုပ်ငန်းများတွင် လုပ်ကိုင်ခဲ့သူ ဖြစ်သည်။

မိုးကုတ်ဒေသ ကျောက်မျက်ရတနာ တူးဖော်ရေး လုပ်ငန်းခွင်။ Photo - Bhone Nay (Mandalay In-depth News)
မိုးကုတ်ဒေသ ကျောက်မျက်ရတနာ တူးဖော်ရေး လုပ်ငန်းခွင်။ Photo – Bhone Nay (Mandalay In-depth News)

လက်လုပ်လက်စားလုပ်ကွက်အဖြစ် ချထားပေးမည့် မြေဧက ရှစ်သောင်းကျော်

နှစ်ပေါင်း (၅၀)ကျော် အတွင်း ပထမဆုံးအကြိမ် ဒီမိုကရေစီ နည်းကျ ရွေးကောက်တင်မြှောက်ခံရသည့် ဒီချုပ်အစိုးရသည် အာဏာရလာပြီးနောက် မြန်မာနိုင်ငံ၏ ကျောက်မျက်သယံဇာတ တူးဖော်ထုတ်ယူမူများနှင့် ပတ်သက်၍ ပြုပြင်ပြောင်းလဲမူ အများအပြား လုပ်ဆောင်ခဲ့သည်။ ကျောက်မျက်ရတနာ ဥပဒေများ ပြင်ဆင်ရေးဆွဲသလို ကျောက်မျက်ရတနာ ထွက်ရှိရာ ဖားကန့်ဒေသနှင့် မိုးကုတ်ဒေသတို့တွင် သက်တမ်းကုန် ကျောက်မျက်လုပ်ကွက်များကို လိုင်စင်သက်တမ်းထပ်မံတိုးမြင့် မပေးပဲ ပိတ်သိမ်း ရပ်နားစေခဲ့သည်။

မိုးကုတ်ဒေသ ကျောက်မျက်ရတနာ တူးဖော်ရေး လုပ်ငန်းခွင်။ Photo - Bhone Nay (Mandalay In-depth News)
မိုးကုတ်ဒေသ ကျောက်မျက်ရတနာ တူးဖော်ရေး လုပ်ငန်းခွင်။ Photo – Bhone Nay (Mandalay In-depth News)

ပြီးခဲ့သည့် ဇန်နဝါရီလတွင် ၂၀၁၉ခုနှစ် မြန်မာ့ကျောက်မျက်ရတနာ ဥပဒေကို အတည်ပြု ပြဌာန်းခဲ့ပြီးနောက်  ဥပဒေအရ မိုးကုတ်ဒေသခံများအတွက် လက်လုပ်လက်စား ကျောက်မျက် တူးဖော်ခွင့်များ ခွင့်ပြုပေးရန် အစိုးရကစီစဉ်ခဲ့သည်။

ယင်းဥပဒေတွင် ကျောက်မျက်လုပ်ကွက်များကို အသေးစား၊ အလတ်စားနှင့် လက်လုပ်လက်စားဟူ၍ သုံးမျိုးခွဲကာ ချထားပေးမည်ဖြစ်ပြီး အလတ်စား လုပ်ကွက်အဖြစ် မြေဧရိယာ(၅)ဧက၊ အသေးစား လုပ်ကွက်အဖြစ် မြေဧရိယာ(၃)ဧကနှင့် တနိုင်တပိုင် လက်လုပ်လက်စား လုပ်ကွက်များအဖြစ် မြေဧရိယာ(၁)ဧက သတ်မှတ်ထားသည်။ အသေးစားနှင့် အလတ်စားလုပ်ကွက်များ လုပ်ကိုင်ခွင့်ရရန် ငွေကြေးအရင်းအနှီး အများအပြား လိုအပ်မည်ဖြစ်ပြီး လက်လုပ်လက်စား လုပ်ကွက်များ ခွင့်ပြုပေးမည့် အစီအစဉ်မှာမူ ဒေသခံများ တရားဝင် ကျောက်မျက်တူးဖော်ခွင့် ရရှိစေရန် ရည်ရွယ်ခြင်းဖြစ်သည်။

Photo – သတ္ထုတွင်း ဦးစီးဌာန။

ပြည်ထောင်စု အစိုးရသည် မိုးကုတ်ဒေသရှိ ကျောက်မျက်တူးဖော် ထွက်ရှိနိုင်သည့် မြေဧက (၉၈၃၀၀)ကျော်ကို ရတနာနယ်မြေအဖြစ် သတ်မှတ်ကာ မြေဧက (၁၆၁၀၀)ကျော်ကို ပြည်ထောင်စုက စီမံခန့်ခွဲခွင့် ရှိသော အလတ်စား လုပ်ကွက်နှင့် မြေဧက (၈၂၂၀၀)ကျော်ကို တိုင်းအစိုးရက စီမံခန့်ခွဲခွင့်ရှိသည့် လက်လုပ်လက်စား လုပ်ကွက်များအဖြစ် သတ်မှတ်ထားကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ သတ္ထုတွင်းဦးစီးဌာန၏ မှတ်တမ်းများတွင် ဖော်ပြထားသည်။

အလတ်စား လုပ်ကွက်များ အဖြစ် သတ်မှတ်ထားသည့် မြေဧက(၁၆၁၀၀)ကျော်ကို ဇုံ(၃)ဇုံ ခွဲခြားသတ်မှတ် ထားသလို လက်လုပ်လက်စား လုပ်ကွက်နေရာအတွက် သတ်မှတ်ထားသည့် မြေဧက(၈၂၂၀၀)ကျော်ကိုလည်း ဇုံ(၃)ဇုံ ခွဲခြားသတ်မှတ်ထားကြောင်း သတ္ထုတွင်းဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး ညွှန်ကြားရေးမှူး ဦးမျိုးဆွေက ပြောသည်။

မိုးကုတ်ဒေသ ကျောက်မျက်ရတနာ တူးဖော်ရေး လုပ်ငန်းခွင်။ Photo - Bhone Nay (Mandalay In-depth News)
မိုးကုတ်ဒေသ ကျောက်မျက်ရတနာ တူးဖော်ရေး လုပ်ငန်းခွင်။ Photo – Bhone Nay (Mandalay In-depth News)

မိုးကုတ်ဒေသခံများအား ချထားပေးရန် စီစဉ်နေသည့် လက်လုပ်လက်စား ကျောက်မျက်လုပ်ကွက် မြေနေရာများမှာ မိုးကုတ်မြို့ အရှေ့ပိုင်း၊ အရှေ့မြောက်ပိုင်းနှင့် အနောက်ပိုင်းတို့ရှိ ကပိုင်၊ကင်း၊  လောင်းစင်၊ ရေဝေ၊ ချောင်းကြီးနှင့် ပိန်းပြစ် ဒေသများ ဖြစ်သည်။

ယင်း လက်လုပ်လက်စား လုပ်ကွက် မြေဧကရှစ်သောင်ကျော်ကို ဇုံ(၃)ဇုံ ခွဲခြားသတ်မှတ်ရာတွင်  မိုးကုတ်မြို့ အနောက်ပိုင်း ဒေသများရှိ မြေဧက (၆၅၆၀၀)ကျော်ကို ဇုံ(၁)၊ မိုးကုတ်မြို့ အရှေ့ပိုင်းဒေသများရှိ မြေဧက(၁၀၁၀၀)ကျော်ကို ဇုံ(၂)နှင့်  မိုးကုတ်မြို့ အရှေ့မြောက်ပိုင်းရှိ  မြေဧက(၆၄၀၀)ကျော်ကို ဇုံ (၃)အဖြစ် သတ်မှတ်ထားခဲ့ခြင်းဖြစ်သည်။

မိုးကုတ်ဒေသ ကျောက်မျက်ရတနာ တူးဖော်ရေး လုပ်ငန်းခွင်။ Photo - Bhone Nay (Mandalay In-depth News)
မိုးကုတ်ဒေသ ကျောက်မျက်ရတနာ တူးဖော်ရေး လုပ်ငန်းခွင်။ Photo – Bhone Nay (Mandalay In-depth News)

ပေးကားပေး၏ မရ ဖြစ်နေသလား

လက်လုပ်လက်စား လုပ်ကွက်အဖြစ် သတ်မှတ်ခဲ့သည့် မြေနေရာများသည် မြို့၏ အစွန်အဖျား ဒေသများဖြစ်ပြီး ကြောင်း ကျောက်မထွက်သည့် ဥယျာဉ်ခြံမြေနှင့် မြေလွတ်မြေရိုင်းများ ဖြစ်ကြောင်း ဒေသခံများက ပြောသည်။

မိုးကုတ်ဒေသ ကျောက်မျက်ရတနာ တူးဖော်ရေး လုပ်ငန်းခွင်။ Photo – Bhone Nay (Mandalay In-depth News)

လက်လုပ်လက်စား လုပ်ကွက်ဇုံ (၃)ခုအနက် မြို့၏အရှေ့ဘက်ပိုင်းရှိ ဇုံ(၂)ဧရိယာသည် ကျောက်မျက်တူးဖော် ထွက်ရှိနိုင်သော်လည်း မြေနေရာကောင်းများကို သိပ္ပံနှင့်နည်းပညာ ဌာနက ရယူထားပြီး ဒေသခံများ လုပ်ကိုင်ခွင့်ရမည့် မြေနေရာများမှာ ကျောက်မထွက်နိုင်ဟု ယင်းဧရိယာအတွင်း ပါဝင်နေသည့် မိုးကုတ်မြို့အရှေ့ခြမ်း ပိန်းပြစ် အောက်ရွာ ဥက္ကဌ ဦးမြင့်သန်းက ပြောသည်။

“ဇုံ(၂) မှာဆို ကျောက်ထွက်တဲ့  သိပ္ပံ၊ နည်းပညာ နေရာ ကို ပိုလိုလားကြတယ်။ ဧက သောင်းချီ ပေးမယ့်အစား ဒေသခံတွေ လိုလားတဲ့ နေရာတွေကို မျှပြီး ချထားပေးစေ ချင်တယ်။ ဒါမှ ဒေသခံတွေလည်း အဆင်ပြေမယ်” ဟု ဦးမြင့်သန်းက ဆိုသည်။

မိုးကုတ်ဒေသ ကျောက်မျက်ရတနာ တူးဖော်ရေး လုပ်ငန်းခွင်။ Photo – Bhone Nay (Mandalay In-depth News)

အစိုးရ၏ ကျောက်မျက်လုပ်ကွက် ခွဲဝေ သတ်မှတ်မှုသည် ဘက်လိုက်မှုရှိပြီး ရှေးအစဉ်အဆက်ကတည်းက ကျောက်ထွက်ခဲ့သည့် နေရာများကို အလတ်စားလုပ်ကွက်များ အဖြစ် သတ်မှတ်ကာ ဒေသခံများအတွက် ကျောက်မထွက်နိုင်သည့် အစွန်အဖျား မြေနေရာများကိုသာ လုပ်ကိုင်ခွင့်ပေးမည့် သဘော ဖြစ်နေကြောင်း မိုးကုတ်မြို့ခံများက ဝေဖန်သည်။

မိုးကုတ်ဒေသ ကျောက်မျက်ရတနာ တူးဖော်ရေး လုပ်ငန်းခွင်။ Photo - Bhone Nay (Mandalay In-depth News)
မိုးကုတ်ဒေသ ကျောက်မျက်ရတနာ တူးဖော်ရေး လုပ်ငန်းခွင်။ Photo – Bhone Nay (Mandalay In-depth News)

ထို့အပြင် လက်လုပ်လက်စား လုပ်ကွက်အဖြစ် အစိုးရက သတ်မှတ်ခဲ့သည့် မြေဧကရှစ်သောင်းကျော်တွင် လက်ဖက်ခြံ၊ ဥယျာဉ်ခြံ ကဲ့သို့စိုက်ပျိုးမြေ ဧက(၁၂၀၀၀)ခန့် ပါဝင်ကြောင်း မိုးကုတ်မြို့နယ်မြေစာရင်း ဦးစီးဌာန မှတ်တမ်းများတွင် ဖော်ပြထားသည်။

ကျောက်မျက်လုပ်ကွက် မြေနေရာ ခွဲဝေသတ်မှတ်မှု

ကျောက်မျက်လုပ်ကွက်များ သတ်မှတ်ရာတွင် မိုးကုတ်ဒေသ၏ ကျောက်မျက်ထွက်ရှိမှု  အနေအထားကို  နားလည်သော ဒေသခံများ ပါဝင်ခွင့် မရခဲ့ကြောင်း ဒေသခံများက ပြောသည်။

မိုးကုတ်ထာပွဲတွင် ပတ္တမြားနှင့် ကျောက်မျက်ရတနာ အရောင်းအဝယ်လုပ်ကိုင်နေသည့် ဒေသခံများ။ Photo - Mandalay Indepth News
မိုးကုတ်ထာပွဲတွင် ပတ္တမြားနှင့် ကျောက်မျက်ရတနာ အရောင်းအဝယ်လုပ်ကိုင်နေသည့် ဒေသခံများ။ Photo – Mandalay Indepth News

မိုးကုတ်ဒေသအတွက် ကျောက်မျက် လုပ်ကွက်ဇုံများကို ပြည်ထောင်စုက သတ်မှတ်ခြင်း သတ္ထုတွင်း ဦးစီး ဌာန၊ မန္တလေးတိုင်းဒေသကြီး ညွှန်ကြားရေးမှူး ဦးမျိုးဆွေက ပြောသည်။

ဒေသခံများ၏ ကန့်ကွက်မှုများနှင့် ပတ်သက်၍ လက်ရှိတွင် လုပ်ကွက်နေရာများ ပြန်လည် ပြင်ဆင်ရန် အချက်အလက်များ မရှိသေးကြောင်းနှင့် မြေပြင် အသေးစိတ် စစ်တမ်းများ မလုပ်ဆောင်ရသေးကြောင်း ဦးမျိုးဆွေက ရှင်းပြသည်။

“မြေပြင်မှာ စစ်တမ်းလုပ်လို့  ထွက်နိုင်တဲ့ နေရာတွေဆိုလည်း  ပြည်ထောင်စုက ယူထားတဲ့နေရာနဲ့ လွတ်ကင်းတဲ့ နေရာဆိုရင် လုပ်ကွက် စိစစ်ချထားရေး အဖွဲ့က ပြန်ပြီးတော့ အဆိုပြုသွားမယ်။  ကျောက်မျက်ရတနာ ဆိုတာကလည်း ပြောရခက်တာပေါ့။ ကံ ရဲ့ အကျိုးက ကိုးဆယ်ရာခိုင်နှုန်း လောက်ရှိတယ်။” ဟု ဦးမျိုးဆွေက ဆိုသည်။

ကျောက်မျက်လုပ်ကွက် မြေနေရာသတ်မှတ်မှုမကျေနပ်ကြောင်း ဒေသခံများ ဆန္ဒပြ

ကျောက်မျက်လုပ်ကွက်ဇုံများ ခွဲဝေသတ်မှတ်မှုအပေါ် ကျေနပ်မှု မရှိကြောင်း မိုးကုတ်ဒေသခံ (၄၀၀)ကျော်က အောက်တိုဘာ(၂၇)ရက် တွင် မိုးကုတ်မြို့ အနောက်ပိုင်း ကျပ်ပြင်ရပ်၌ လှည့်လည် ဆန္ဒထုတ်ဖေါ်ခဲ့သည်။ ယင်းဆန္ဒပြမှု မတိုင်မီကလည်း လုပ်ကွက်သတ်မှတ်မှုအပေါ် မကျေနပ်ကြောင်း အစိုးရနှင့် လွှတ်တော်တာဝန်ရှိသူများထံ တင်ပြခဲ့သေးသည်။

“သူတို့ ပေးထားတဲ့ ဇုံတွေကို လက်မခံဘူး။ ဒေသခံတွေအတွက် အကျိုးမရှိဘူးလေ။ အရင်တုန်းကလို လုံးလည်လိုက်ပြီး ဒုက္ခရောက်ဦးမှာပဲ။ ကျောက်ထွက်တဲ့ နေရာတွေကိုကျ အလက်စားဇုံလို့ သတ်မှတ်ထားတယ်။ အလတ်စားဇုံလို့ သတ်မှတ်ထားတဲ့နေရာမှာ အသေးစားနဲ့ လက်လုပ်လက်စားတွေကိုလည်း ခွဲဝေချထားပေးဖို့ တောင်းဆိုထားတယ်” ဟု မိုးကုတ်မြို့ ထာပွဲ ကျောက်ကုန်သည် ၊ ပွဲစားများ အသင်း ဥက္ကဌ ဒေါ်ဖြူဖြူမြင့် က ပြောသည်။

လက်လုပ်လက်စား လုပ်ကွက်နေရာ သတ်မှတ်မှု မကျေနပ်ကြောင်း မိုးကုတ်ဒေသခံများ ဆန္ဒပြနေစဉ်။ Photo - Mandalay In-depth News.
လက်လုပ်လက်စား လုပ်ကွက်နေရာ သတ်မှတ်မှု မကျေနပ်ကြောင်း မိုးကုတ်ဒေသခံများ ဆန္ဒပြနေစဉ်။ Photo – Mandalay In-depth News.

ကျောက်မျက်တူးဖော် ထွက်ရှိနိုင်သည့် မြေနေရာများကို အလတ်စား လုပ်ကွက်အတွက်သာ မဟုတ်ပဲ လက်လုပ်လက်စား လုပ်ကွက်များအဖြစ်ပါ ခွဲဝေချထားပေးရန် တောင်းဆို ဆန္ဒထုတ်ဖော်ခြင်းဖြစ်ကြောင်း ဆန္ဒပြပွဲဦးဆောင်သူ မိုးကုတ်မြို့ခံ ဦးဇော်ဝင်းက ပြောသည်။

“မိုးကုတ်သူ၊ မိုးကုတ်သားတွေက တရားမျှတမှုရှိသော သယံဇာတခွဲဝေမှုကို ပေးစေလိုတယ်။ မမျှမတ ဖြစ်နေတာကိုလည်း ပြည်သူလူထုကို သနားစွာ ကြည်ရှု့စောင့်ရှောက် ပေးစေလိုတယ်”ဟု ဦးဇော်ဝင်းကပြောသည်။

ဆန္ဒပြသူများက တရားမျှတမှုရှိသည့် သယံဇာတစီမံခန့်ခွဲမှု ဖြစ်ပေါ်ရေး ၊ ယခင် သတ်မှတ်လုပ်ကွက် ဧရိယာအတွင်း လက်လုပ်လက်စား လုပ်ကွက်များ သတ်မှတ်ပေးရေး ၊ လက်ဝါးကြီးအုပ် စီးပွားရေးစနစ် အလိုမရှိ စသည်တို့ကို ကြွေးကြော်ခဲ့သည်။

မိုးကုတ်ထာပွဲတွင် ပတ္တမြားနှင့် ကျောက်မျက်ရတနာ အရောင်းအဝယ်လုပ်ကိုင်နေသည့် ဒေသခံများ။ Photo - Mandalay Indepth News
မိုးကုတ်ထာပွဲတွင် ပတ္တမြားနှင့် ကျောက်မျက်ရတနာ အရောင်းအဝယ်လုပ်ကိုင်နေသည့် ဒေသခံများ။ Photo – Mandalay Indepth News

မိုးကုတ်မြို့နယ် တိုင်းလွှတ်တော်ကိုယ်စားလှယ် အဖြစ်မှ မန္တလေးတိုင်းဒေသကြီးသယံဇာတ နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဖြစ်လာသူ ဦးမျိုးသစ်ကမူ လက်လုပ်လက်စား လုပ်ကွက်များအဖြစ် သတ်မှတ်ချထားပေးရန် စီစဉ်ခြင်းမှာ မိုးကုတ်ဒေသခံများ တရားဝင် ကျောက်မျက်တူးဖေါ်ခွင့်သည် ရရှိစေရန်အတွက် ဖြစ်ကြောင်း Mandalay In-depth News သို့ ပြောသည်။

မိုးကုတ်ထာပွဲတွင် ပတ္တမြားနှင့် ကျောက်မျက်ရတနာ အရောင်းအဝယ်လုပ်ကိုင်နေသည့် ဒေသခံများ။ Photo - Mandalay Indepth News
မိုးကုတ်ထာပွဲတွင် ပတ္တမြားနှင့် ကျောက်မျက်ရတနာ အရောင်းအဝယ်လုပ်ကိုင်နေသည့် ဒေသခံများ။ Photo – Mandalay Indepth News

လက်လုပ်လက်စား လုပ်ကွက် ချထားပေးခြင်းကြောင့် ဒေသခံများအနေဖြင့် တရားဝင် ကျောက်မျက်တူးဖော်ခွင့် ရရှိမည်ဖြစ်သလို တရားဝင် ကျောက်မျက်ကိုင်ဆောင်ခွင့် အပါအဝင် အခြားအခွင့်အလမ်းများစွာ ရရှိလာနိုင်ကြောင်း ၎င်းက ရှင်းပြသည်။

ထို့အပြင် ဒေသခံများအနေဖြင့် အချင်းချင်း စုပေါင်းကာ အသေးစားနှင့် အလတ်စား လုပ်ကွက်များကိုလည်း လျှောက်ထားလုပ်ကိုင်နိုင်ကြောင်း ဦးမျိုးသစ်က ပြောသည်။

“ဘူမိဗေဒ ဓါတ်သတ္ထု ရှာဖွေရေး ဦးစီးဌာန အဖြေပေါ်မူတည်ပြီး အကွက်သတ်မှတ်တာ။ ကျောက်အများဆုံး ထွက်တဲ့ နေရာကို ကျွန်တော်တို့က လက်လုပ်လက်စား ဘယ်လို သွားပေးမလဲ။ ဒါက ပြည်ထောင်စုက စီစဉ်တဲ့ အစီအစဉ်။ ကျောက်ထွက်များတဲ့ နေရာကို ဒေသခံတွေ ဘယ်လိုလုပ်လို့ ရမလဲ ဆိုတဲ့ နည်းလမ်း ရှာဖွေရမှာ။ ဒေသခံတွေက ကျောက်ထွက်တဲ့နေရာကို ငါတို့ု လုပ်ချင်တယ်ဆိုတဲ့ ခေါင်းစဉ်ပဲ။  ဝိုင်းဝန်းစဉ်းစားပေးလေ။ ကျွန်တော်လည်း တက်နိုင်သမျှ ကူညီမှာပေါ့” ဟု ၎င်းက ဆိုသည်။

မိုးကုတ်ထာပွဲတွင် ပတ္တမြားနှင့် ကျောက်မျက်ရတနာ အရောင်းအဝယ်လုပ်ကိုင်နေသည့် ဒေသခံများ။ Photo - Mandalay Indepth News
မိုးကုတ်ထာပွဲတွင် ပတ္တမြားနှင့် ကျောက်မျက်ရတနာ အရောင်းအဝယ်လုပ်ကိုင်နေသည့် ဒေသခံများ။ Photo – Mandalay Indepth News

ကျောက်မျက်ရတနာ ဥပဒေတွင် အသေးစား လက်လုပ်လက်စား ဇုံသတ်မှတ်မှုကို အသေးစိတ် ရေးသားထားခြင်း မရှိကြောင်း သယံဇာတ တူးဖော်ထုတ်ယူမူများနှင့် ပတ်သက်၍ လေ့လာစောင့်ကြည့်နေသည့် အရပ်ဘက်အဖွဲ့အစည်းတစ်ခုဖြစ်သော NRGI(Natural Resource Governance Institute) မှ ဦးဟိုဆာနား(Hosana Chay) က ပြောသည်။

“အသေးစား၊ လက်လုပ်လက်စားနဲ့ ပတ်သက်လို့ ဇုံခွဲမယ် ဆိုရင် သက်ဆိုင်တဲ့ တာဝန်ရှိသူတွေ ၊ အရပ်ဖက် အဖွဲ့အစည်းတွေ၊ ဒေသခံ တွေ၊ အသိပညာရှင်တွေ  အကုန်လုံးပေါင်းပြီး ဘယ်လိုပုံစံ နဲ့ ဇုံ ခွဲဝေသတ်မှတ်ရင် ကောင်းမလဲ။ ဒီကြားကာလမှာ ခွဲဝေ သဘောတူထားမှ အဆင်ပြေမှာ။ သယံဇာတမရှိတဲ့နေရာ ပေးလိုက်ရင် ဒေသခံက ဆန္ဒပြလာမှာပဲ”  ဟု ၎င်းက ပြောသည်။

ထို့အတွက် လုပ်ကွက်ဇုံသတ်မှတ်ရာတွင် ဒေသခံအား ပါဝင်စေသင့်သလို သယံဇာတ တူးဖော်ထုတ်ုလပ်မှုများနှင့် ပတ်သက်၍ လုပ်ကွက်နေရာ သတ်မှတ်ချိန်မှ စတင်၍ အခွန်ဘဏ္ဍာ ကောက်ခံသည့် အချိန်ထိ ခြုံငုံနိုင်သော စနစ်တစ်ခု ရှိရန် လိုအပ်ကြောင်း ဦးဟိုဆာနားက သုံးသပ်သည်။

မိုးကုတ်ရတနာမြေတွင် အစပြုလာသည့် ပဋိပက္ခများ

နှစ်ပေါင်းများစွာ တရားဝင် ကျောက်မျက်တူးဖေါ်ခွင့် မရခဲ့သော ဒေသခံများသည် ခဲစာရှာခြင်း၊ ခိုးတွင်းများ တူးခြင်းဖြင့် ကျောက်မျက်ရှာဖွေ လုပ်ကိုင်ခဲ့ကြသည်။ လက်ရှိအစိုးရ လက်ထက်တွင်  သက်တမ်းကုန်သည့် ကျောက်မျက်လုုပ်ကွက်များကို သက်တမ်းတိုးပေးခြင်း မရှိဘဲ တူးဖော်မှု ရပ်နားစေခဲ့သည်။

ထို့အတွက် မိုးကုတ်ဒေသတွင် သက်တမ်းကုန် ကျောက်မျက်လုပ်ကွက်များ ရှိလာပြီး ထိုသို့ သက်တမ်းကုန် ကျောက်မျက်လုပ်ကွက်များ အတွင်း ဒေသခံများဝင်ရောက်ကာ ကျောက်မျက်ရှာဖွေရာမှ ကုမ္မဏီနှင့် ဒေသခံများအကြား ပဋိပက္ခများ အစပြု ဖြစ်ပေါ်လာသည်။ ကျောက်မျက်တူးဖော်ရာမှတဆင့် မိုးကုတ်ဒေသ၌ မကြုံစဖူးသည့် ပဋိပက္ခဖြစ်စဉ်နှစ်ခု ယခုနှစ်ဆန်းတွင် ဖြစ်ပွားခဲ့သည်။

ပြီးခဲ့သည့် မတ်လကုန်ပိုင်းက မိုးကုတ်မြို့ အနောက်ပိုင်း၊ ဘောလုံးကြီးကျေးရွာဒေသရှိ ကျောက်မျက်လုပ်ကွင်း အတွင်းရှိ ခဲစာ၊ မြေစာများကို ဝင်ရောက် ရှာဖွေခဲ့ရာ ကုမ္ပဏီနှင့် ဒေသခံများကြား ပဋိပက္ခ ဖြစ်ပွားခဲ့သလို ကျောက်ပြဿဒ်ဒေသတွင်လည်း ပဋိပက္ခ တစ်ခု ယခုနှစ် အစောပိုင်းက ဖြစ်ပွားခဲ့သည်။

ယင်းပဋိပက္ခ နှစ်ခု အနက် ဘောလုံးကြီးဒေသတွင် ကုမ္ပဏီပိုင် စက်ယန္တရားများ၊ မော်တော်ယာဉ်များနှင့် အဆောက်အဦးအချို့ မီးရှို့ဖျက်ဆီးခဲ့သည်အထိ ကုမ္ပဏီနှင့် ကျေးရွာကြား ပဋိပက္ခပြင်းထန်ခဲ့ပြီး ကျောက်ပြဿဒ်ဒေသတွင်မူ ကြားဝင်ညှိနှိုင်းမှုများကြောင့် ကျောက်မျက်တူးဖော်သည့် ကုမ္ပဏီနှင့် ဒေသခံများအကြား  ပြေလည်မှုရရှိခဲ့သည်။

လက်လုပ်လက်စား ကျောက်မျက်လုပ်ကွက် ချထားပေးမည့် မြေနေရာနှင့်ပတ်သက်၍ အငြင်းပွားမှု၊ ကန့်ကွက်မှုများ ရှိနေသော်လည်း လက်ရှိအချိန်ထိမူ မိုးကုတ်ဒေသခံများမှာ တရားဝင် ကျောက်မျက်တူးဖော် လုပ်ကိုင်ခွင့် မရသေးဘဲ ခိုးတွင်းတူခြင်း၊ ခဲစာရှာဖွေခြင်းမျာဖြင့်သာ အသက်ဆက်နေရဆဲ ဖြစ်သည်။

မိုးကုတ်ဒေသအတွက် အမှန်တကယ် စေတနာထားသည်ဆိုလျှင် လက်လုပ်လက်စား များအား ကျောက်ထွက်သည့် နေရာများတွင် မျှတစွာ ခွဲဝေ၍ လုပ်ကိုင်ခွင့်ပေးသင့်ကြောင်း ဒေသခံများက ပြောသည်။

မိုးကုတ်ထာပွဲတွင် ပတ္တမြားနှင့် ကျောက်မျက်ရတနာ အရောင်းအဝယ်လုပ်ကိုင်နေသည့် ဒေသခံများ။ Photo - Mandalay Indepth News
မိုးကုတ်ထာပွဲတွင် ပတ္တမြားနှင့် ကျောက်မျက်ရတနာ အရောင်းအဝယ်လုပ်ကိုင်နေသည့် ဒေသခံများ။ Photo – Mandalay Indepth News

ကျောက်မျက်လုပ်ကွက် မြေနေရာ သတ်မှတ်မှု မကျေနပ်ကြောင်း ဦးဆောင်ဆန္ဒပြခဲ့သည့် ဦးဇော်ဝင်း က  မိုးကုတ်ဒေသခံများ၏ အဖြစ်ကို ကိုလိုနီခောတ် ရေနံမြေလုပ်သားများနှင့် နှိုင်းယှဉ်ကာ ငြီးတွားသည်။

“ရေနံတွင်း ဖင်ခုထိုင်ပြီး ရေနံဆီမီးထွန်းဖို့ ဆီမရှိသလို ကျောက်တွင်းတွေ ဖင်ခုထိုင်ပြီး ဒေသခံတွေ ကျောက်တူးလို့ မရဘူးဖြစ်နေတယ်”

Leave a Reply

Your email address will not be published. Required fields are marked *