မန္တလေးမြို့တွင် ကျင်းပမည့် စီးပွားရေးဖိုရမ် COVID-19‌ ကြောင့် ရက်ရွှေ့၊ မေလ ပထမပတ်တွင် ကျင်းပရန် စီစဉ်

ဒီဒါင်းမေ၊ မတ် ၇

မန္တလေးမြို့၌ မတ်လကုန်ပိုင်းတွင် ကျင်းပရန် စီစဉ်ထားသော မန္တလေး စီးပွားရေးဖိုရမ်ကို COVID-19 ရောဂါ ဂယက်ကြောင့် ရက်ပြောင်းရွှေ့မည်ဖြစ်သည်။

ဒုတိယအကြိမ် မန္တလေး စီးပွားရေးဖိုရမ် International Trade Fair & Business Forum 2020 ကို မတ် (၂၅)ရက်မှ (၂၇)ရက်အထိ သုံးရက်ကြာ ကျင်းပရန် စီစဉ်ထားရာမှ COVID-19 ရောဂါ အခြေအနေကြောင့် တစ်လကျော်ကြာ နောက်ဆုတ်ကာ မေလ ပထမပတ်တွင် ကျင်းပနိုင်ရန် စီစဉ်ထားသည်ဟု မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (MRCCI) ဥက္ကဌ ဦးကျော်မင်းက ပြောသည်။

“အဓိကက ဝူဟန်လေ။ ကိုရိုနာဗိုင်းရပ်စ်အတွက် အဓိကပေါ့။ ဒါကြီးကိုဖြစ်တဲ့အတွက် မကျင်းပသင့်ဘူးပေါ့နော်။ ကျင်းပလိုက်လို့ တစ်ခုခု ဖြစ်သွားမယ်ဆိုရင် အကုန်လုံး အန္တရာယ်များတယ်” ဟု ဦးကျော်မင်းက ပြောသည်။

မန္တလေး စီးပွားရေးဖိုရမ် International Trade Fair & Business Forum 2020 ကို MRCCI မှ ဦးဆောင်ကာ ၂၀၁၉ မတ်လက ပထမအကြိမ် ကျင်းပခဲ့ပြီး ယခုနှစ်တွင် ဒုတိယအကြိမ်အဖြစ် ဆက်လက်ကျင်းပရန် စီစဉ်နေခြင်း ဖြစ်သည်။

အဆိုပါဖိုရမ်  ကျင်းပနိုင်ရန် (၇)လခန့် ကြိုတင်ပြင်ဆင်ထားပြီး အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးများ၊ မန္တလေးတိုင်း အစိုးရအဖွဲ့ဝင်များ၊ နိုင်ငံတကာ သံတမန်များ၊ စီးပွားရေးအသင်းအဖွဲ့များမှ တက်ရောက်ပါဝင် ဆွေးနွေးနိုင်ရန် ဖိတ်ကြားထားကြောင်း MRCCI ဥက္ကဌ ဦးကျော်မင်းက ပြောသည်။

“မြန်မာနိုင်ငံရဲ့ economic second engine သည် မန္တလေးဖြစ်ရမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ပိုပြီးတော့မှ ရင်းနှီးမြုပ်နှံမှုတွေ လာအောင် trade နဲ့ ပတ်သက်ပြီး ကုန်သွယ်မှုတွေ ပိုပြီးတိုးမြှင့်နိုင်အောင် ကျင်းပတယ်။ တိုင်းအစိုးရအဖွဲ့ရော လက်တွဲညီညီ ပုဂ္ဂလိကကဏ္ဍ၊ အစိုးရကဏ္ဍ ပူးပေါင်းဆောင်ရွက်တဲ့ပွဲလို့ ပြောရင် မမှားပါဘူး”ဟု MRCCI အထွေထွေအတွင်းရေးမှူး ဦးဥက္ကာကျော်က ပြောသည်။

၂၀၁၉က ပထမအကြိမ်ကျင်းပခဲ့သည့် မန္တလေး စီးပွားရေးဖိုရမ်သို့ မြန်မာနိုင်ငံရှိ နိုင်ငံခြား သံရုံး(၄‌၂)ရုံးမှ တာဝန်ရှိသူများ၊ နိုင်ငံတကာ ကုန်သည်စက်မှုအသင်းများ၊ ပြည်တွင်း စီးပွားရေးအသင်းအဖွဲ့များနှင့် ကုန်သည်စီးပွာားလုပ်ငန်းရှင်များ တက်ရောက်ခဲ့သည်ဟု ဆိုသည်။

၂၀၁၉က ပထမအကြိမ်ကျင်းပခဲ့သည့် မန္တလေး စီးပွားရေးဖိုရမ်/ Photo – Ye Lwin FB.

ပြီးခဲ့သည့် ဒီဇင်ဘာလကုန်ပိုင်းက တရုတ်နိုင်ငံတွင် စတင်ဖြစ်ပွားခဲ့သည့် COVID-19 ရောဂါသည် လက်ရှိအချိန်တွင် တရုတ်နိုင်ငံနှင့် ကမ္ဘာ့နိုင်ငံ (၈၀)ကျော်၌ ကူးစက်ပျံ့နှံ့လျက်ရှိပြီး မြန်မာနိုင်ငံ၌ ယင်းရောဂါပိုး တွေ့ရှိသူ တစ်ဦးမျှ မရှိသေးသော်လည်း ရောဂါဖြစ်ပွားသူများ တပြိုင်နက် တွေ့ရှိလာနိုင်ပြီး လူစုလူဝေးနှင့် ပွဲလမ်းသဘင် အခမ်းအနားများ ကျင်းပခြင်းမှ ရှောင်ကြဉ်ကြရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက တိုက်တွန်းနှိုးဆော်ထားသည်။

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်