We Love Dauk Zaw ဖေ့စ်ဘွတ်ခ်ဂရု အက်ဒမင်(Admin)များကို ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆(ဃ)ဖြင့် အမှုဖွင့်ပြည်သူအထင်လွဲမှားစေရန် လွန်ကျူးစွာ ရေးသားသည့်အတွက် ပါတီ၏ တာဝန်ပေးချက်အရ ဒေါက်တာဇော်မြင့်မောင်ကိုယ်စား အမူဖွင့်ခြင်းဖြစ်ဟုဆို

ပြည်သူအထင်လွဲမှားစေရန် လွန်ကျူးစွာ ရေးသားသည့်အတွက် ပါတီ၏ တာဝန်ပေးချက်အရ ဒေါက်တာဇော်မြင့်မောင်ကိုယ်စား အမူဖွင့်ခြင်းဖြစ်ဟုဆို

ကိုနေကို၊ စက်တင်ဘာ-၁၈

မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၏ ဓါတ်ပုံများကို အသုံးပြုကာ လူမှုကွန်ယက်တွင် အုပ်စုဖွဲ့၍ အပျော်အပျက် ရေးသားဖေါ်ပြနေသည့် We Love Dauk Zaw Facebook Goupမှ အက်ဒမင် (Admin)များကို ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆(ဃ)ဖြင့် မန္တလေးမြို့တွင် အမှုဖွင့်ထားကြောင်း သတင်းရရှိသည်။

We Love Dauk Zaw Facebook Goup ဖွင့်လှစ်ကာ အများပြည်သူ အထင်အမြင်လွဲမှားစေရန် လွန်လွန်ကျူးကျူး ဖော်ပြလျှက်ရှိရာ အဆိုပါ ဖေ့စ်ဘွတ်ခ်ဂရုမှ အက်ဒမင်(Admin)နှစ်ဦးကို အရေးယူပေးရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (ဒီချုပ်)ပါတီ မန္တလေးတိုင်းဒေသကြီး ပြန်ကြားရေးကော်မတီအဖွဲ့ဝင်တစ်ဦးမှ တရားလိုပြုလုပ်ကာ စက်တင်ဘာ(၁၆)ရက်တွင် မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် အမှတ်(၁၁)ရဲစခန်း၌ ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆(ဃ)ဖြင့် အမူဖွင့်ထားခြင်းဖြစ်သည်ဟု စုံစမ်းသိရသည်။

“မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ဒုတိယဥက္ကဋ္ဌ လည်းဖြစ်တယ်။  ကျွန်တော်ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မန္တလေးတိုင်း ပြန်ကြားရေးကော်မတီ အဖွဲ့ဝင်ဖြစ်တယ်။ ဒါကြောင့် ပါတီရဲ့တာဝန်ပေးချက်အရ ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၏ ကိုယ်စား တရားလိုအဖြစ် ဂုဏ်သိက္ခာညှိုးနွမ်းစေရန်၊ ပြည်သူလူထုအထင်အမြင်လွှဲမှားစေရန် လွန်လွန်ကျူးကျူး ရေးသားသူအချို့ကို တရားစွဲခြင်းဖြစ်သည်”ဟု တရားလိုဖြစ်သူ ဒီချုပ်ပါတီ၏ မန္တလေးတိုင်းဒေသကြီး ပြန်ကြားရေးကော်မတီ အဖွဲ့ဝင်က Mandalay In-depth News သို့ ပြောသည်။

အဆိုပါ We Love Dauk Zaw Facebook Goup အက်ဒမင်(Admin)များကို အမူဖွင့်ထားမူနှင့်ပတ်သက်၍ ချမ်းမြသာစည်မြို့နယ် အမှတ်(၁၁)ရဲစခန်းသို့ ဆက်သွယ်မေးမြန်းသော်လည်း ဖြေကြားချက်မရပါ။ ရဲတပ်ဖွဲ့နှင့် နီးစပ်သူများ၏ အဆိုအရ အမူဖွင့်ခံရသည့် We Love Dauk Zaw Facebook Goup အက်ဒမင်(Admin)များအနက်မှ အမျိုးသား(၂)ဦးကို အမူဖွင့်ခြင်းဖြစ်ပြီး ရဲတပ်ဖွဲ့မှ စုံစမ်းစစ်ဆေးနေဆဲဟု ဆိုသည်။

အဆိုပါ ကိစ္စနှင့်ပတ်သက်၍ ယနေ့ကျင်းပသည့် လွှတ်တော်အစည်းအဝေးအပြီးတွင် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်အား သတင်းမီဒီယာသမားများက မေးမြန်းခဲ့ရာ “ပွင့်ပွင့်လည်းပြောရရင် ကျွန်တော် တစ်ခုမှလည်း မဖတ်ဘူး။ ဒါက loveဆိုတဲ့စကားလုံး ကိုသုံးပြီးတော့ လုပ်ချင်ရာလုပ်လို့ မရဘူး။ ကျွန်တော့မှာ လွတ်လပ်ခွင့်ရှိတယ်။ လွတ်လပ်စွာ နေထိုင်ပိုင်ခွင့်၊ လုပ်ခွင့်ရှိတယ်။ လွတ်လပ်စွာ ဖော်ထုတ်ပိုင်ခွင့် ရှိတယ်။ ဒီကိစ္စက ပုဂ္ဂိုလ်ရေးဖြစ်တဲ့ဟာဆိုရင် ကျွန်တော်မဖြေဘူး။ နိုင်ငံရေးဆိုဖြေတယ်” ဟု ဒေါက်တာဇော်မြင့်မောင်က ပြောသည်။

We Love Dauk Zaw Facebook Group ကို  စက်တင်ဘာ(၁၂)ရက်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး လက်ရှိအချိန်အထိ အဆိုပါ Group တွင် အဖွဲ့ဝင်(၁၂၀၀)ကျော် ရှိသည်။ တချိန်တည်းမှာပင် We Love Mdy King Dauk Zaw၊ We Love Kwee Phyo ဆိုသည့် Facebook Group များလည်း ဖွင့်လှစ်ထားသည်ကို တွေ့ရသည်။

ဒေါက်တာဇော်မြင့်မောင်သည် မန္တလေးတိုင်းအစိုးရအဖွဲ့ ဝန်ကြီးချုပ်အဖြစ် တာဝန်ယူထားပြီး လက်ရှိအာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီကို ဦးဆောင်နေသူတစ်ဦးဖြစ်သလို ပါတီ၏ ဗဟိုအလုပ်အမူဆောင်အဖွဲ့ ဒုတိယဥက္ကဌတစ်ဦးလည်း ဖြစ်သည်။

#Mandalay_Indepth_News

Leave a Reply

Your email address will not be published. Required fields are marked *