CHINA Today မဂ္ဂဇင်းတွင် မန္တလေးကျုံးမြို့ရိုးပုံ အစားထိုးဖော်ပြမူ မန္တလေးတိုင်းဝန်ကြီးချုပ်က ပြည်ထောင်စုအဆင့်သို့ စာတင်

ကိုနေကို၊ စက်တင်ဘာ-၂၄

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး၏ အစီအစဉ်အနေဖြင့် ရန်ကုန်မြို့ အခြေစိုက် ထုတ်ဝေနေသော CHINA Today မဂ္ဂဇင်းတွင် မန္တလေးကျုံးမြို့ရိုးပုံနှင့် တရုတ်နန်းမြို့ရိုးပုံ အစားထိုးဖော်ပြခဲ့မူအပေါ် ၎င်း၏ သဘောထားကို ပြည်ထောင်စုအစိုးရအဖွဲ့ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနသို့ တင်ပြထားကြောင်း မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ပြောသည်။

၂၀၁၉ ခုနှစ် ဇွန်လထုတ် CHINA Today မဂ္ဂဇင်း မျက်နှာဖုံးတွင်  မန္တလေး ကျုံး၊ မြိ့ရိုး၊ ပြအိုး၊ ပြာဿဒ် များ၏ ရေတွင် ပေါ်နေသော ပုံရိပ်ကို သဏ္ဍာန်တူ တရုတ်နိုင်ငံ နန်းတော်တစ်ခု၏ ပုံနှင့် အစားထိုး ထည့်သွင်း ဖော်ပြထားခြင်းဖြစ်သည်။

ထိုသို့ ဖော်ပြခဲ့သည့်အပေါ် ဝေဖန်ကန့်ကွက်မူများ ဖေ့စ်ဘွတ်ခ်လူမူကွန်ယက်တွင် ပျံ့နှံ့ခဲ့ပြီးနောက် ၎င်းအနေဖြင့်လည်း ပြည်ထောင်စုအဆင့်သို့ တင်ပြခဲ့ခြင်းဖြစ်သည်ဟု ဒေါက်တာဇော်မြင့်မောင်က ဆိုသည်။

“သူတို့ဘက်က ဖြေရှင်းချက် ချက်ခြင်းလာတယ်။ ဒီကိစ္စတွေကို သိပါတယ်။ ဒါပေမယ့် ပြည်သူတွေရဲ့ တုန့်ပြန်မှုက တမျိုးမြင်တယ်။ ဒီကိစ္စကို ပြည်ထောင်စု သာသနာရေး ဝန်ကြီးဌာနကို တင်လိုက်တယ်။ သာသနာရေး ဝန်ကြီးဌာနက ဘယ်လိုလာ မလဲတော့ မသိဘူး။ သူတို့ သိသင့်တယ် ထင်တယ်လေ။ ဒါတွေက Proof (စာမူကြမ်း) ရယူသင့်တာပေါ့။ အမြင်လွဲသွားနိုင်တယ်။ ကျွန်တော့်ဘက်က ခံစားရတာကို တင်လိုက်တယ်” ဟု ၎င်းက ဆိုသည်။

ယင်းမျက်နှာဖုံးနှင့် ပတ်သက်၍ “နှစ်နိုင်ငံချစ်ကြည်ရေး အတွက် ယဉ်ကျေးမှု ဖလှယ်ရန် ပုံထည့်သွင်းခဲ့ခြင်းဖြစ်ပြီး မန္တလေး နန်းမြို့ရိုး ပုံစံမျိုး တရုတ်နိုင်ငံတွင်လည်း တည်ရှိနေသည်ကို ထုတ်ပြချင်သည်အတွက်ပါ” ဟု   CHINA Today မဂ္ဂဇင်းမှ  ဖြေရှင်းခဲ့ကြောင်း ဒေါက်တာဇော်မြင့်မောင် က ပြောသည်။

၂၀၁၉ ဇွန်လထုတ် CHINA Today မဂ္ဂဇင်း မျက်နှာဖုံးပုံ။ ဓါတ်ပုံ - TW FB.

ထိုကဲ့သို့ အထင်အမြင်လွဲမှားစေနိုင်သည့် ပုံနှိပ်ဖော်ပြမူနှင့်ပတ်သက်၍ ပြည်ထောင်စုအဆင့်မှ သံရုံးဘက်သို့ ခေါ်ယူသတိပေး၍ ရနိုင်သလို နောင်တွင် ထုတ်ဝေမည့် မဂ္ဂဇင်းများအတွက် အသုံးပြုမည့် ပုံကို ကြိုတင်စေခြင်းများ ပြုလုပ်နိုင်ကြောင်း  ဒေါက်တာဇော်မြင့်မောင်က သူ့အမြင်ကို ပြောသည်။

CHINA Today မဂ္ဂဇင်းတွင် မန္တလေးနန်းမြို့ရိုးပုံ အစားထိုးဖော်ပြခဲ့မှာ ဒေသခံအတွက် စိတ်အနှောင့်အယှက် ဖြစ်စေကြောင်း မန္တလေးမြို့ခံ စာရေးဆရာ ဆူးငှက် က ဖေ့စ်ဘွတ်ခ်လူမှု ကွန်ရက်စာတွင်  ရေးသားဖော်ပြခဲ့သည်။

“အချုပ်အချာ အာဏာပိုင်မှုနဲ့ အမျိုးသားယဉ်ကျေးမှုအတွက် အမှတ်အသား လက္ခဏာအဖြစ် ကိုယ့်ထီးကိုယ့်နန်း၊ ကိုယ့်ရေမြေ၊ ကိုယ့်နိုင်ငံတော်ဖြစ်တဲ့ နောက်ဆုံးမင်းနေပြည်တော် ရတနာပုံ မန္တလေးရွှေမြို့တော်ရဲ့ တင့်တယ်လှပလှစွာသော ကျုံး၊ မြို့ရိုး၊ ပြအိုး၊ ပြာသာဒ်များကို အစဉ်တစိုက် မှတ်ယူ သဘောတူခဲ့ကြပါတယ်။ ဒါကြောင့်  သရုပ်ဖော်ထားတဲ့ မျက်နှာဖုံးဒီဇိုင်းက မြန်မာပြည်သူလူထု၊ အထူးသဖြင့် မန္တလေးမြို့ခံ ပြည်သူများအတွက် စိတ်အနှောက်အယှက် ဖြစ်စေပါတယ်။ ကျွန်တော်တို့ နိုင်ငံရဲ့ ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံတော် ထူထောင်ရေး အဆင့်ဆင့်သော လမ်းကြောင်းတိုင်းဟာ အထိခိုက်မခံ၊ အတိမ်းစောင်းမခံ နူးညံ့သိမ်မွေ့စွာဖြင့် သတိကြီးစွာ ဆောင်ရွက်နေရသော ကာလတွင် အဓိပ္ပာယ်ကောက်ယူမှု လွဲမှားနိုင်တဲ့ အဆိုပါ မျက်နှာဖုံးနှင့်ပတ်သက်ပြီး တာဝန်ရှိသူများမှ တာဝန်ယူကာ ဖြေရှင်းပေးခြင်းဖြင့် အစဉ်အဆက် ခိုင်မာခဲ့သည့် နှစ်ပြည်ထောင်ချစ်ကြည်ရေး၊ ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်ရေး များအတွက် မလိုလားအပ်တဲ့ စိတ်အနှောက်အယှက်များက ကင်းဝေးစေမှာဖြစ်ကြောင်း တင်ပြအပ်ပါတယ်” ဟု ဆရာဆူးငှက်က ရေးသားခဲ့သည်။ CHINA Today မဂ္ဂဇင်း သည် မြန်မာဘာသာဖြင့် ထုတ်ဝေသော လစဉ်ထုတ် မဂ္ဂဇင်း တစ်စောင်ဖြစ်သည်။

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်