ရွှေကုန်သည်၏ တူအဖြစ် ဟန်ဆောင်ဖုန်းဆက်ကာ အောင်သမာဓိရွှေဆိုင်မှ ကျပ်သိန်း(၁၂၀)ကျော် လိမ်လည်ထုတ်ယူ

အိမ်တီ၊ သြဂုတ်-၁၁

ရွှေကုန်သည်အမျိုးသမီးတစ်ဦး၏ တူအဖြစ် ဟန်ဆောင်ဖုန်းဆက်ကာ မန္တလေးမြို့ရှိ အောင်သမာဓိရွှေဆိုင်မှ ကျပ်သိန်း(၁၂၀)ကျော် လိမ်ယူထုတ်ယူသွားသည့် အမျိုးသားကို အဖွင့်ထားပြီး ဖမ်းဆီးနိုင်ရန် စုံစမ်းနေကြောင်း အောင်မြေသာစံမြို့မ ရဲစခန်းမှ သတင်းရရှိသည်။

မန္တလေးမြို့ အောင်မြေသာစံမြို့နယ် (၂၅)လမ်း၊ (၈၈)လမ်းနှင့် (၈၉)လမ်းကြားတွင် ဖွင့်လှစ်ထားသည့် အောင်သမာဓိရွှေဆိုင်သို့ ပြီးခဲ့သည့် သြဂုတ်(၃)ရက်က ဟုမ္မလင်းမြို့နေ ရွှေကုန်သည်၏ တူဖြစ်ကြောင်း အမျိုးသားတစ်ဦးက ဖုန်းဆက်ခဲ့ပြီး ထွန်းတောက်ဝင်းအမြန်ရေယာဉ် ဘောက်ချာဖြင့် လာရောက်သူထံ ရွှေဖိုးငွေ ကျပ်သိန်း(၁၂၀)ကျော် ထုတ်ပေးပါရန် ဆက်သွယ်ပြောကြားခဲ့သည်ဟု ဆိုသည်။ ထို့နောက် နေ့လည်ပိုင်းအချိန်တွင် အောင်သမာဓိရွှေဆိုင်သို့ ကိုကျော်ဇင်ဝင်းဆိုသူ ရောက်ရှိလာပြီး ထွန်းတောက်ဝင်း အမြန်ရေယာဉ် ဘောင်ချာကို ပြသသဖြင့် ရွေဆိုင်တာဝန်ရှိသူများမှ ငွေကျပ်(၁၂၀၈၀၀၀၀) ထုတ်ပေးခဲ့သည်ဟု ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

သြဂုတ်(၇)ရက်တွင် အထက်ပါ ရွှေကုန်သည်အမျိုးသမီးနှင့် အောင်သမာဓိရွှေဆိုင် တာဝန်ရှိသူများ ရွှေဖိုးငွေများ စာရင်းရှင်းလင်းရာတွင်မှ ယင်းရွှေဖိုးငွေကျပ်သိန်း(၁၂၀)ကျော်ကို ထုတ်ယူရန် ဖုန်းဆက်ခဲ့ခြင်း မရှိကြောင်း သိရပြီး ငွေများ လိမ်လည်ထုတ်ယူသွားမှန်း သိရှိခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ထွန်းတောက်ဝင်း အမြန်ရေယာဉ်ဘောင်ချာတွင် မမှန်မကန် ဖြည့်သွင်းပြီး ငွေများ လိမ်လည်ထုတ်ယူသွားသည့် ကိုကျော်ဇင်ဝင်းဆိုသူကို အောင်မြေသာစံမြို့မရဲစခန်းတွင် ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၄၂၀ (လိမ်လည်မူ)ဖြင့် အမူဖွင့်ထားပြီး တရားခံဖမ်းဆီးရမိရေး စုံစမ်းလျှက်ရှိသည်။

“စစ်ဆေးတွေ့ရှိချက်အရတော့ ငွေလိမ်ထုတ်သွားတဲ့ သံသယတရားခံက အမြန်ရေယာဉ်ပိုင်ရှင်ပါ။ ဟုမ္မလင်းက ရွှေကုန်သည်နဲ့ ရင်းနှီးတယ်။ အရင်ကလည်း အခုလိုပဲ ရွှေကုန်သည်က မှာလို့ အောင်သမာဓိရွှေဆိုင်မှာ ငွေထုတ်ဖူးတဲ့သူပေါ့။ အဲ့တာကို အခွင့်ကောင်းယူပြီး လိမ်တဲ့သဘောပေါ့။ တရားခံကိုတော့ ဖမ်းမမိသေးပါဘူး။ အခု သံသယတရားခံကို ဖမ်းမိဖို့ ကလေးဝကို ရောက်နေပါတယ်”ဟု ၎င်းအမူအား တာဝန်ယူကိုင်တွယ်နေသည့် အောင်မြေသာစံမြို့မရဲစခန်းမှ ဒု-ရဲအုပ် ထွန်းထွန်းကိုက ပြောသည်။

သံသယတရားခံမှာ အသက်(၅၀)ဝန်းကျင်အရွယ် အမျိုးသားဖြစ်ပြီး ရဲတပ်ဖွဲ့မှ ဖမ်းဆီးနိုင်ရန် ဆောင်ရွက်လျှက်ရှိသည်ဟု ဆိုသည်။

Leave a Reply

Your email address will not be published. Required fields are marked *