မန္တလေးတွင် အသက်(၁၆)နှစ်အောက် နိုင်ငံလက်ရွေးစင် လေးနိုင်ငံ ဘောလုံးပြိုင်ပွဲ ကျင်းပမည်၊

လက်မှတ်များ ယနေ့ စတင်ရောင်းချ

ကိုနေကို၊ သြဂုတ်-၁၀

မြန်မာ၊ ကိုရီးယား၊ အင်ဒိုနီးရှားနှင့် မွန်တီနီဂရိုးနိုင်ငံတို့မှ အသက်(၁၆)နှစ်အောက် လူငယ်လက်ရွေးစင် ဘောလုံးအသင်းများ ပါဝင်ယှဉ်ပြိုင်မည့် ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲကို သြဂုတ်(၁၄)မှ (၁၈)ရက်အထိ မန္တလေးမြို့ မန္တလာသီရိ အားကစားကွင်းတွင် ကျင်းပမည်ဖြစ်သည်။

U-16 Boys Elite Football Tournament 2019 –Mandalay ဟု အမည်ပေးထားသည့် အဆိုပါ အသက်(၁၆)နှစ်အောက် လူငယ်လက်ရွေးစင် ဘောလုံးပြိုင်ပွဲကို မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် (MFF)၊ အာရှဘောလုံးအဖွဲ့ချုပ် (AFC)နှင့် ဥရောပဘောလုံးအဖွဲ့ချုပ် (UEFA)တို့ ပူးပေါင်း ကျင်းပခြင်းဖြစ်သည်။ အာရှဘောလုံးအဖွဲ့ချုပ်နှင့် ဥရောပဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းထားသည့် AFC-UEFA Assist Program မှ အထက်ပါ ဘောလုံးပြိုင်ပွဲကို စီစဉ်ခြင်းဖြစ်သည်။

မြန်မာ အသင်းသည် သြဂုတ်(၁၄)ရက်တွင် မွန်တီနီဂရိုးအသင်း၊ သြဂုတ်(၁၆)ရက်တွင် အင်ဒိုနီးရှားအသင်း၊ သြဂုတ်(၁၈)ရက်တွင် တောင်ကိုရီးယားအသင်းတို့နှင့် ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။ မြန်မာ (U-16) ဘောလုံးအသင်း ယှဉ်ပြိုင်ကစားမည့် ပွဲစဉ်များ အားလုံးကို ညနေ(၆)နာရီတွင် ကျင်းပမည်ဖြစ်သည်။

အဆိုပါ ဘောလုံးပြိုင်ပွဲအတွက် ပွဲစဉ်လက်မှတ်များကို ယနေ့ (သြဂုတ်၁၂)မှ စတင်ကာ မန္တလေးမြို့ မန္တလာသီရိ အားကစားကွင်းနှင့် မြန်မာဘောလုံးအကယ်ဒမီ (မန္တလေး)တို့တွင် စတင်ရောင်းချနေပြီဖြစ်ပြီး ကွင်းဝင်ကြေးအဖြစ် အထူးတန်း(၂၀၀၀)ကျပ်နှင့် ရိုးရိုးတန်း(၁၀၀၀)ကျပ် သတ်မှတ်ထားသည်။

ထို့အပြင် အဆိုပါဘောလုံးပြိုင်ပွဲ၏ ပွဲစဉ်များအားလုံးကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြား (MRTV) နှင့် My Sport Facebook Page များက  တိုက်ရိုက် (LIVE) ထုတ်လွှင့်ပြသမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က သတင်းထုတ်ပြန်သည်။

အသက်(၁၆)နှစ်အောက် လက်ရွေးစင်ဘောလုံးပြိုင်ပွဲ ပွဲစဉ်ဇယား။ ဓါတ်ပုံ – MFF

.

Leave a Reply

Your email address will not be published. Required fields are marked *