နေပြည်တော်ကျောက်မျက်ပြပွဲ ဝင်ခွင့်ကတ်များ အွန်လိုင်းမှတဆင့် လျှောက်ထားနိုင်မည်

ကိုနေကို၊ သြဂုတ်-၁၂

နေပြည်တော် မဏိရတနာကျောက်စိမ်းခန်းမတွင် ကျင်းပမည့် နှစ်လယ်  မြန်မာ့ ကျောက်မျက်ရတနာ ပြပွဲအတွက် ဝင်ခွင့်ကတ်များကို အွန်လိုင်းမှတဆင့် လျှောက်ထားနိုင်မည် ဖြစ်ကြောင်း ကျောက်မျက်ပြပွဲ ဗဟိုကော်မတီမှ သတင်းထုတ်ပြန်သည်။

နှစ်လယ်  မြန်မာ့ ကျောက်မျက်ရတနာ ပြပွဲ(၂၀၁၉) ကို စက်တင်ဘာ(၁၆)မှ (၂၅)ရက်အထိ နေပြည်တော်တွင် (၁၁)ရက်ကြာ ကျင်းပမည် ဖြစ်ပြီး ကျောက်စိမ်းနှင့် ကျောက်မျက်အတွဲများ ပြသရောင်းချမည် ဖြစ်သည်။

ကျောက်မျက်ပြပွဲသို့ တက်ရောက် ဝယ်ယူလိုသော နိုင်ငံသား ရတနာကုန်သည်များအနေဖြင့် အွန်လိုင်းမှတဆင့် ပြပွဲဝင်ခွင့် လျှောက်ထားလိုပါက သြဂုတ်(၁၉)မှစတင်ကာ ပြပွဲဝင်ခွင့်ပုံစံများကို www.mining.com.mm နှင့် www.mge.gov.mm တို့တွင် ဒေါင်းလုပ် ရယူနိုင်မည်ဖြစ်သည်။  ထို့နောက် မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်း ဝက်ဆိုက် www.mge.gov.mm သို့ ဝင်ရောက်ကာ ကြိုတင်မှတ်ပုံတင်၍ ပြပွဲတက်ရောက်ခွင့် ကိစ္စများ ဆောင်ရွက်နိုင်မည် ဖြစ်သည်။

အွန်လိုင်းမှတဆင့် ပြပွဲဝင်ခွင့်ကတ်များ လုပ်ဆောင်နိုင်သည့်အတွက် အချိန်ကုန်၊ လူပန်း သက်သာစေမည်ဖြစ်ကြောင်း မန္တလေးမြို့ ဇွဲစိမ်း ကျောက်မျက်ကုမ္ပဏီ ပိုင်ရှင် ဦးမျိုးမြင့်နိုင် က ပြောသည်။

သို့သော် ပြပွဲတက်ရောက်မည့်သူများသည် သတ်မှတ်ထားသည့် အခမခံ စပေါ်ငွေနှင့် ဝင်ကြေးငွေများကို ပေးသွင်းရမည်ဖြစ်သည်။

ထို့အပြင် သြဂုတ်(၁၉)မှ (၂၅)ရက်အတွင်း မန္တလေးနှင့် မိုးကုတ်မြို့များတွင် ကျောက်မျက်ဌာန၊ စီမံရေးရာလုပ်ငန်း ကော်မတီရုံးခွဲများဖွင့်လှစ်၍ ကျောက်မျက်ပြပွဲ ဝင်ခွင့်ကတ်များ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း မြန်မာ့ကျောက်မျက်ရတနာ ပြပွဲ ဗဟိုကော်မတီမှ သတင်းထုတ်ပြန်ထားသည်။

အဆိုပါ ပြပွဲမှာ ယူရိုငွေဖြင့် ရောင်းချမည့် ပြပွဲဖြစ်ပြီး ပြည်တွင်း ရတနာကုန်သည်များထက် ပြည်ပကုန်သည်များ အဓိကထား လာရောက်ဖွယ်ရှိကြောင်း မန္တလေးမြို့ခံ ကျောက်မျက်လုပ်ငန်းရှင်များက ဆိုသည်။

 “ဒီလိုပွဲမျိုးမှာ တရုတ်ကုန်သည်တွေ ကြိုက်တဲ့ ကျောက်ဆို ပြည်တွင်း ကုန်သည်တွေ အနေနဲ့ ဈေးယှဉ်ဆွဲဖို့ ခက်တယ်။ တရုတ်က ရောင်းကွက်ရော ငွေအား(ငွေတန်ဖိုး)ရော သာတယ်။ ဒီလိုမျိုးပွဲတွေက ပြည်တွင်းကုန်သည်တွေအတွက် အရမ်း အားထားလို့ မရဘူး” ဟု ဦးမျိုးမြင့်နိုင်က ဆိုသည်။

မြန်မာ့ကျောက်မျက်ရတနာ ပြပွဲ ဗဟိုကော်မတီအနေဖြင့် နှစ်စဉ် နေပြည်တော်တွင် ကျောက်မျက်ပြပွဲ သုံးကြိမ်ခန့် ကျင်းပလေ့ရှိပြီး ကျောက်မျက်ပြပွဲများကို ပြည်တွင်း၊ပြည်ပ ရတနာကုန်သည်များ တက်ရောက်နိုင်သည့် နိုင်ငံခြားငွေပြပွဲနှင့် ပြည်တွင်းကုန်သည်များအတွက် သီးသန့်ရောင်းချသည့် ကျပ်ငွေပြပွဲဟူ၍ ခွဲခြားကျင်းပလေ့ရှိသည်။

Leave a Reply

Your email address will not be published. Required fields are marked *