မိုးသည်းထန်စွာ ရွာသွန်းပြီး ချောင်းရေတိုက်စားမူကြောင့် ညောင်ဦးမြို့နယ်တွင် နေအိမ်နှင့် သီးနှံစိုက်ခင်းများ ပျက်စီး၊

ညောင်ဦး-မြင်းခြံကားလမ်းနှင့် ညောင်ဦး-ချောက်ကားလမ်းများ ရေကျော်၍ ယာဉ်အသွားအလာ ယာယီပြတ်တောက်

ပါရမီဆန်း၊ သြဂုတ်-၁၀

မိုးသည်းထန်စွာ ရွာသွန်းပြီး ချောင်းရေတိုက်စားမူကြောင့် ညောင်ဦးမြို့နယ် ရေတွင်းညောင်ပင်ရွာတွင် နေအိမ်နှင့် သီးနှံစိုက်ခင်းများ ရေလွှမ်းပျက်စီးမူ ယနေ့(သြဂုတ်၁၀) ဖြစ်ပွားခဲ့သည်။

ယနေ့(သြဂုတ်၁၀) နေ့လည်ပိုင်းက ညောင်ဦးမြို့နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့ခြင်းဖြစ်ပြီး ညောင်ဦး-မြင်းခြံကားလမ်းနှင့် ညောင်ဦး-ချောက်ကားလမ်းမများလည်း ရေကျော်နေသဖြင့် ယာဉ်အသွားအလာပြတ်တောက်လျှက်ရှိသည်ဟု ညောင်ဦးမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များက ပြောသည်။

ညောင်ဦးမြို့နယ် ရေတွင်းညောင်ပင်ရွာအနီး ဖြတ်သန်းစီးဆင်းသည့် သဲချောင်းသည် လမ်းကြောင်းပြောင်းကာ ရွာလယ်မှ ဖြတ်သန်းစီးဆင်းသွားသဖြင့် ရေလမ်းကြောင်းတလျှောက်ရှိ နေအိမ်(၇၀)ခန့် သဲသောင်ဖုံးလွှမ်းကာ ထိခိုက်ပျက်စီးခဲ့သည်ဟု အဆိုပါ ကျေးရွာသို့ သွားရောက်၍ ကူညီကယ်ဆယ်ရေး ဆောင်ရွက်ပေးနေသူ ညောင်ဦးမြို့နယ် အမှတ်(၁)တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်ခိုင်က ပြောသည်။

ရေတွင်းညောင်ပင်ရွာမှာ အိမ်ခြေ(၁၀၀)ကျော် ရှိပြီး အထိအခိုက် အပျက်အစီးစာရင်း အတိအကျ မသိရသေးဘဲ စာရင်းကောက်ယူနေသည်ဟု ၎င်းက ဆိုသည်။

“ချောင်းက ရေလမ်းကြောင်းပြောင်းပြီး ရွာထဲကို တိုက်စားသွားတာ။ ချောင်းရေက ရွာအဝင်လမ်းကနေ နှစ်ခွ ဖြတ်စီးသွားတော့ ခြံစည်းရိုးတွေ ရေထဲမျောတယ်။ တချို့အိမ်တွေ ထိတယ်။ ပြီးတော့ စက်ခုံတွေ သဲဖုံးကုန်တာပေါ့”ဟု ဦးဝင်းမြင့်ခိုင်က ရှင်းပြသည်။

အဆိုပါ ချောင်းရေတိုက်စားမူကြောင့် မြေပဲစိုက်ခင်းများအပါအဝင် သီးနှံစိုက်ခင်းများလည်း သဲလွှမ်းသွားခဲ့သည်ဟု ၎င်းက ဆိုသည်။

ထို့အပြင် ညောင်ဦး-မြင်းခြံကားလမ်း ချောင်းရေကျော်၍ ယာဉ်အသွားအလာ ပိတ်မိနေသလို ညောင်ဦး-ချောက်ကားလမ်းတွင်လည်း ကျားအိုကျေးရွာအနီး ချောင်းရေကျော်၍ ယာဉ်အသွားအလာ ယာယီပြတ်တောက်နေသည်ဟု ညောင်ဦးမြို့နယ် အမှတ်(၂)တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်စိန်က ပြောသည်။

“ရေကြီးတဲ့နေရာတွေကို ကူညီပေးဖို့ လုပ်နေတယ်။ အခု ဦးတို့အဖွဲ့လည်း ရေတွင်းညောင်ပင်ရွာ သွားမလို့ပဲ။ ချောင်းရေကြီးနေလို့ လမ်းကုူးလို့မရသေးဘဲ ပိတ်မိနေကြတယ်။ မီးသတ်တွေ၊ ကယ်ဆယ်ရေးအဖွဲ့တွေကိုတော့ အဖွဲ့တွေခွဲပြီး လုပ်နေပါတယ်”ဟု ဦးမြင့်စိန်က ဆိုသည်။

မိုးသည်ထန်စွာ ရွာသွန်းပြီး သဲချောင်းအချို့ ရေကျော်နေသော်လည်း မကြာမီ ရေပြန်ကျသွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ယနေ့ နေ့လည်(၂)နာရီခန့်က ညောင်ဦးမြို့တွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး မိုးရေချိန် လေးလက်မဝန်းကျင်အထိ ရွာသွန်းခဲ့ကြောင်း ညောင်ဦးဒေသခံများက ဆိုသည်။ သဲချောင်းအချို့ ရေကျော်ပြီး နေအိမ်နှင့် သီးနှံစိုက်ခင်းများ ရေလွှမ်းပျက်စီးခဲ့သော်လည်း လူနှင့် တိရစ္ဆာန်များ ထိခိုက်သေဆုံးမူ မရှိဟု ညောင်ဦးမြို့နယ် လွှတ်တော်ကိုယ်စားလှယ်များက ပြောသည်။

သဲချောင်းဖြတ်စီးမူကြောင့် ရေတွင်းညောင်ပင်ရွာအတွင်း အပျက်အစီးများနှင့် ညောင်ဦး-မြင်းခြံကားလမ်း ရေကျော်နေစဉ်။ ဓါတ်ပုံ – ဦးဝင်းမြင့်ခိုင်၊ ဦးမြင့်စိန်။

Leave a Reply

Your email address will not be published. Required fields are marked *