WeChat ကြောင့် ဘဝပျက်နေရသူများ (သို့မဟုတ်) မန္တလေး ကျောက်ကုန်သည်တစ်ဦး၏ ညည်းချင်း

ကျော်နန္ဒ

(၁) ယန်စီနဂါးစာ ဖြစ်သွားသော  မန္တလေး (မြန်မာပြည်) ကျောက်စိမ်းများ

အခု မြန်မာပြည် (သို့) မန္တလေးကျောက်ဈေးကွက်နဲ့ မန္တလေးကျောက်ဝိုင်းရဲ့ အခြေအနေ။

ဟိုအရင်က ကျောက်သမားတွေ အလုပ်ဖြစ်ကြတယ်။ ပွဲစား၊ ကုန်သည် အကုန်အလုပ်ဖြစ်ကြတယ်။ ကြီးရင်ကြီးသလောက်၊ သေးရင်သေးသလောက် အရင်းအနှီးပေါ် မူတည်ပြီး အလုပ်ဖြစ်ကြတာ။  မန္တလေးက ကျောက်ဝိုင်းထဲတင်ပဲ ဝယ်ကြရောင်းကြရင်ကို အတော်အသင့် အမြတ်ရခဲ့ကြတယ်။ ဒီထက်ပိုပြီး မြိုးမြိုး မြက်မြက်ရချင်ကြရင်တော့ ရွှေလီ၊ကြယ်ခေါင်စတဲ့ တရုတ်ပြည်နယ်စပ်ဖက် သွားရောင်းကြတယ်။ ဘယ်လိုပဲဖြစ်ဖြစ် မန္တလေး (မြန်မာပြည်)မှာ ဝယ်ထားတဲ့ ပစ္စည်း(ကျောက်စိမ်း)တွေက တရုတ်ပြည်ဖက် အခြမ်းဖြစ်တဲ့ ရွှေလီ ၊ ကြယ်ခေါင်ဖက် ရောက်ရင် အမြတ်က နည်းတာ၊များတာပဲ ကွာတယ်။ အရူံးတော့ မရှိသလောက်ဘဲ။ အဲ့တော့ မန္တလေး ကျောက်ဝိုင်းမှာ ရောင်းသူ ၊ဝယ်သူ ၊ ပွဲစား စည်ကားတာပေါ့။ ကျောက်ဝိုင်းထဲမှာပဲ ဝယ်တယ်။ ပြီးရင် ကျောက်ဝိုင်းထဲမှာပဲ ကိုယ့်မြန်မာနိင်ငံသားအချင်းချင်း ပြန်ရောင်းတယ်။ ဝယ်တဲ့သူကလည်း သူကိုက်မယ်ထင်ရင်ဝယ်တယ်။ ရောင်းတဲ့သူကလည်း မြတ်ရင်ရောင်းတယ်။ အလုပ်ဖြစ်ကြတယ်။

အဲ့ဒီလို မန္တလေး ကျောက်ဝိုင်းထဲမှာ ရောင်းလိုက်၊ ဝယ်လိုက်နဲ့ လူအဆင့်ဆင့်ဖြစ်သွားကြတာ။ ပြည်တွင်းမှာ အဲ့ဒီလို လူအဆင့်ဆင့်  ရောင်းဝယ် ဖောက်ကားကြပြီး နောက်ဆုံးဝယ်လက်(ဝယ်သူ)ဆီ ရောက်သွားကြရော။  နောက်ဆုံးဝယ်လက်ဆိုတာကလည်း မြန်မာနိင်ငံသား ကုန်သည်ပါပဲ။ အဲ့ဒီနောက်ဆုံးဝယ်လက်ကနေ တရုတ်ပြည်နယ်စပ် (ရွှေလီ) သွားရောင်းတော့လည်း အမြတ်ကျန်တယ်။ အဲ့လို အဆင့်ဆင့်နဲ့ မန္တလေး ကျောက်ဝိုင်းထဲက ပစ္စည်းတစ်ခုက ပြည်တွင်းက ကျောက်သမားတွေကို ပိုက်ဆံရှာပေးပြီး တရုတ်ပြည်ကို ထွက်သွားတာ။ တချို့ဆိုရင် ပွဲစားအဆင့်ဆင့်၊ ဝယ်ရောင်း အဆင့်ဆင့်ဆီက မဖြတ်ဘဲ ကိုယ်က ပထမလက်ရင်း(ပိုင်ရှင်)ဆီက ဝယ်လို့ရပြီး  တရုတ်ပြည်ဘက်အထိ သွားရောင်းရင် တစ်လှဲ့ထပ် မြတ်တယ်လို့ ပြောကြတယ်။ တစ်လှဲ့ထပ်ဆိုတာက ၅၀နဲ့ ဝယ်တာ ပြန်ရောင်းတော့ ၁၀၀ ရတယ်ပေါ့။  ရင်းသလောက် မြတ်တာကို ပြောတာ။

အဲ့တော့မြန်မာပြည်က ကျောက်စိမ်းဆိုတဲ့ အဖိုးတန်တွင်းထွက်တစ်ခုက သူရဲ့ မိခင်မြေက  မြန်မာပြည်သားတွေအတွက် အရမ်းတန်ဘိုးကြီးတယ်။ ပြည်တွင်းက ကျောက်သမားတွေကို ထိုက်ထိုက်တန်တန် လုပ်ကျွေးတယ်။ သူ့ကို အမှီပြုပြီး  ကျောက်သမားတွေ ကြီးပွားကြတယ်။ စီးပွားဖြစ်ကြတယ်။ အကျိုးအဆက်အနေနဲ့ကတော့ ကျောက်သမားတွေ မြေဝယ် ၊ ကားဝယ်နဲ့ သုံးကြ ဖြုန်းကြနဲ့  တခြားစီးပွားရေးလုပ်ငန်းတွေအတွက်ပါ ကောင်းကျိုးပြုတယ်။ ရွေရောင်နေ့ရက်တွေကို ပိုင်ဆိုင်ခဲ့ကြတယ်။  အခုတော့ အဲဒီ အခြေအနေက ပြောင်းပြန်ဖြစ်သွားပြီ။ အရင်ကလို ရွှေဖြစ်တဲ့နေ့ရက်တွေ မရှိတော့ဘူး။ အနေအထားက ရွှေဖား မဟုတ်တော့ဘူး။

ကျောက်စိမ်းဆိုတဲ့ အဖိုးတန်တွင်းထွက်က သူ့မိခင်မြေက မြန်မာပြည်သားတွေကို  ဟိုးယခင်ကလို အဆင့်အဆင့်လုပ်ကျွေးပြီး တရုတ်ပြည်သွားတာ မဟုတ်တော့ဘူး။ ကိုယ့်မြန်မာပြည်သားတွေအစား  တရုတ်ပြည်က တိုက်ရိုက်ဝင်လာတဲ့  တရုတ်နိင်ငံသားတွေအတွက်ပဲ ဖြစ်နေတယ်။ ဘာကြောင့် အဲ့ဒီလို့အခြေအနေ ဖြစ်သွားတာလဲ။ ပြည်ပက တရုတ်တွေ ဝင်လာလို့။ သူတို့တွေ ဘာလို့ဝင်လာကြတာတုန်း။ အရင်က မဝင်ဘူးလားလို့ မေးကြည့်တော့…။ One stop service (OSS) လုပ်လိုက်ကတည်းက  ဝင်လာကြတာတဲ့။  အရင်က အဲ့ဒီလောက် အလုံးအရင်းနဲ့ မဝင်ဘူးတဲ့။

အဲဒီတော့ one stop service (OSS) ဆိုတာ ဘာလဲ။

ကျောက်စိမ်းလုပ်ငန်းနဲ့ အဆက်အစပ်ရှိတဲ့ လူတွေကတော့ OSS ဘာလဲဆိုတာ သိကြပါတယ်။ OSS ဆိုတာက ၂၀၁၁လောက်မှာ  အစိုးရက တရားဝင် ဖွဲစည်းပေးထားတဲ့ အဖွဲ့တစ်ခုပါ။ ဦးသိန်းစိန်အစိုးရ လက်ထက်မှာ မန္တလေးကျောက်ဝိုင်းထဲက ကျောက်စိမ်းလုပ်ငန်းရှင်များ  တောင်းဆိုခဲ့လို့ ကိုယ့်ပြည်တွင်းက ကျောက်လုပ်ငန်းရှင်တွေအတွက် ကောင်းမယ်ထင်လို့ လုပ်ပေးခဲ့တာပါ။ အဲ့ဒီ OSS ဆိုတာ အကောက်ခွန်၊  မြန်မာ့ကျောက်မျက် စတဲ့ အစိုးရဌာနဆိုင်ရာ  အဖွဲ့(၆)ဖွဲ့ ပေါင်းထားတာပါ။ OSS အဓိကလုပ်တာကတော့ မြန်မာပြည်က finished product  (ကျောက်စိမ်းအချောထည်) တွေကို  ပြည်ပ (တရုတ်ပြည်) ပို့နိင်အောင်  အစိုးရအသိမှတ်ပြု ချလံ(လက်မှတ်)ထုတ်ပေးတာပါ။ သူတို့ဆီက ချလံ (pass) ပါရင် မြန်မာ့ကျောက်စိမ်းအချောထည်ကို  နိင်ငံခြားကို ထုတ်လို့ရတယ်။ ကိုယ့်ဟာကိုယ်ဝယ်၊  ပြီးရင် တရားဝင်လိုင်စင်ရ ကျောက်စိမ်းကုမ္မဏီ တစ်ခုနဲ ့ချိတ်ဆက်။ အဲ့ဒီ ကျောက်စိမ်းကုမ္မဏီက သူတို့ ကုမ္မဏီ နာမည်နဲ့ အဲ့ဒီ OSS အဖွဲ့ဆီတင်ပြ။ အဲဒီအဖွဲက စီစစ် ပြီးတာနဲ့ pass ချလံပေးလိုက်ပါတယ်။ အဲ့ဒါဆို အဲ့ကုမ္မဏီက  ဟိုဘက်ထိ ရောက်အောင်ပို့ပေးပါလိမ့်မယ်။ OSS  pass အပါအဝင် ပို့ခက (ဥပမာ) ကျောက်စိမ်းလက်ကောက်တစ်ကွင်းကို မြန်မာငွေ(၆၀၀)ကျပ် ပဲကျတာ။  တစ်ကွင်းကို (၆၀၀)ကျပ် ပေးရင် ဟိုဘက်တရုတ်ပြည်ထိအရောက် အပြီးအစီးပဲ။  အဲ့ဒီ (၆၀၀)ကျပ်ထဲက တစ်ဝက် ကျပ်(၃၀၀)လောက်ပဲ one stop service (အစိုးရ)ကို ပေးရပြီး  ကျန်(၃၀၀)ကျပ်က ကုမ္မဏီက ယူတာ။ ပို့်ခအတွက်ပေါ့။ ဒါက အကြမ်းဖျင်း သဘောပါ။ အချောထည်ဆိုတာတော့ ကျောက်စိမ်း လက်ကောက်၊ ပန်းပု၊ ပုတီး၊ အပွင့်၊ ဂွင်လိုင်းတွေကို ပြောတာပါ။ အရိုင်းတုံးတွေ၊ မသွေးရသေးတာတွေ မပါပါဘူး။

၂၀၁၁မတိုင်ခင်ကတော OSS မရှိသေးတဲ့အတွက် ကျောက်စိမ်းတွေ ပြည်ပတင်ပို့တယ်ဆိုတာ  မှောင်ခိုပုံစံပါပဲ။ ပြည်တွင်းက လူတွေကပဲ လမ်းကြောင်းပေါ်က အာဏာပိုင်အဖွဲ့အစည်းနဲ့ နားလည်မူယူပြီး ပေးထား၊ ကမ်းထားရင် တရုတ်ပြည်နယ်စပ်ထိအရောက် လွယ်လွယ်ကူကူ သယ်လို့ရတာ။ အဲ့ဒီလို့ပုံစံကတော့ ဟိုးပဝေသဏီကတည်းက လုပ်လာတာဆိုတော့ မြန်မာ့နည်း၊ မြန်မာ့ဟန်ပါ။ အရင်ခေတ် အဆက်ဆက်ကတော့ ဒီလိုပဲ လုပ်ခဲ့ရတာ။ ဦးသိန်းစိန်လက်ထက် မတိုင်ခင်ထိပေါ့။ အဲ့ဒါကြောင် အရင်ကတော့ တရုတ်ပြည်က နိင်ငံခြားသားတွေ မန္တလေးအထိ ဆင်းပြီး ကျောက်မဝယ်ဘူး။ ဆင်းဝယ်ရင် ပို့ရတာ တရားဝင်မဟုတ်တော့ မဝယ်ရဲကြဘူး။ ကျောက်စိမ်းကို မှောင်ခိုလို့ သတ်မှတ်ထားတာဆိုတော့ ကယ်ရီပို့ပေးတဲ့ ကြားလူက  လမ်းမှာပစ္စည်းတွေ အကုန်ဖမ်းခံရတယ်လို့ပြောပြီး လိမ်လို့၊ ရိုက်လို့ရတယ်။ အဲ့ဒီစွန့်စားမှုကိုတော့ သူတို့တရုတ်တွေ မယူရဲကြဘူး။  အဲ့ဒီတော့ ကြယ်ဂေါင်ဖက်အခြမ်းဖြစ်တဲ့ သေချာတဲ့နေရာကပဲ စောင့်ဝယ်ကြတာ။

OSS ပေါ်လာတော့  တရားဝင်အသိမှတ်ပြုပြီး ဟိုဘက်ကို ထုတ်လို့ရပြီဆိုတော့ မောင်မင်းကြီးသား၊ မယ်မင်းကြီးမများက  ပိုက်ခေါင်းက ရေဖွင့်ချလိုက်သလိုပဲ။ ဝေါကနဲ့ဆို ဝင်လာကြတယ်။ အိတ်ကြီး အိတ်ငယ်အသွယ်သွယ်နဲ့ အပေါ်ကတမျိုး (direct flight)၊ အောက်ကတဖုံ (နယ်စပ်လမ်းကြောင်း) မန္တလေးကိုု လာကြတယ်။ တခါတလေ ဟိုတယ်ခရီးက ထုတ်ပြန်တဲ့  သတင်းတွေထဲမှာ တွေ့မှာပါ။ နိင်ငံခြားသား ခရီးသွားဦးရေ ဘယ်လောက်ဝင်တယ်ဆိုတာ။ အဲဒီစာရင်းကို ကြည့်လိုက်ရင်တော့ တော်တော်များများက ခရီးသွားဧည့်သည်တဲ့၊ မြန်မာပြည်ကိုလာတဲ့ တိုးရစ်ဦးရေ တစ်နှစ်ထက်တစ်နှစ် မျာများလာတယ်လို့ထင်ရပါတယ်။ တကယ်တော့ ကျောက်ဝိုင်းကိုလာတဲ့  ပြည်ပက တရုတ်တွေ အရေအတွက်များလာလို့လည်း ပါပါတယ်။ ထားလိုက်ပါတော့။ အဲ့တာတွေ ပြောရင် ရှည်နေမှာစိုးလို့။ ကျောက်ဝိုင်းရဲ့လက်ရှိ အခြေအနေပဲ ပြောပါမယ်။

(၂)

“မြန်မာတွေ ငတ်နေပြီ၊ ပေးတဲ့ဈေးနဲ့ရောင်းမှာ “

အဲ့ဒီ ယန်စီဖွား တရုတ်နိုင်ငံသားတွေက မန္တလေးကျောက်ဝိုင်းနားက ဟော်တယ်တွေမှာ long stay နေပြီး ကျောက်ဝိုင်းထဲမှာ ထိုင်ပြီးဝယ်ကြတယ်။ ဝယ်တဲ့ပုံစံက ရိုးရိုးသာမန် ဝယ်ရင် ပြသာနာမရှိဘူး။ အခုဟာက ဖုန်းတွေ (၂)လုံး၊ (၃)လုံး ထောင်ထားပြီး  မြန်မာတွေရောင်းတဲ့ ကျောက်စိမ်းကို WeChatနဲ့ live လွှင့်ပြီး ဟိုဘက်ကို ပစ္စည်းလှမ်းပြတယ်။ ဟိုဘက်က ဈေးဖွင့်ပေးတယ်။ ကျောက်သမားတွေ ပြောသလို ပြောရရင်တော့  ဈေးဖွင့်ပေးတာက မင်္ဂလာပါ။ ဒါပေမယ့်ပြသာနာက သူတို့ပေးတဲ့ ဈေးတွေက ကမောက်ကမတွေ၊ အောက်ဆုံးရဲ့ အောက်ဆုံးအထိလောက်ကို နင်းပြီး၊နှိမ်ပြီး ပေးကြတာ။ ဒီလူနဲ့ ဈေးမကိုက်ဘူးဆိုပြီး နောက်ထပ်ဝိုင်းထဲမှာ ထိုင်ဝယ်နေတဲ့ တခြားတရုတ်တွေကို လိုက်ပြတယ်။ မရဘူး။ အဲ့လိုပဲ ဈေးတွေက ကမောက်ကမတွေ။ နောက်ဆုံးတော့  အဲ့ဒီပိုင်ရှင်က သူ့ပစ္စည်း မရောင်းနိင်လို ပြန်ယူလာပြီး ခါတိုင်းလို  ရွေလီ ကြယ်ဂေါင်ဘက် ပို့ပေးလိုက်တယ်။ အဲ့ဘက်ရောက်လို့အရင်ကလို ဈေးရမယ် မထင်နဲ့။ ဟိုက တရုတ်တွေကလည်း အဲ့ဒီ  ကမောက်ကမ ဈေးတွေ ပြန်ပေးတယ်။  ဘယ်လိုပဲ လိုက်ပြီး ရောင်းရောင်း၊ ဘယ်လောက်ကြာအောင်ထားပြီး ရောင်းရောင်း ဈေးက အဲ့ဒီဈေးလောက်ပဲ၊ ကနဦး ဝိုင်းထဲမှာ စဖွင့်တဲ့ဈေးပဲ ထွက်တာ။  ကျောက်ပိုင်ရှင်တွေက ဈေးမကိုက်တော့ ပစ္စည်းကို မြန်မာပြည်ဘက် ပြန်ယူလာခဲ့ရတယ်။ နေစရိတ်၊ စားစရိတ်၊ ခရီးသွားစရိတ်တွေနဲ့ အရူံးတွေပေါ်ရော။ အရင်က ဘယ်လိုကျောက်ဖြစ်ဖြစ် တော်ရုံတန်ရုံ မရူံးတဲ့ ကျောက်တွေလည်း ရှုံးတော့တာပဲ။

အဲ့ဒါမျိုးအခြေအနေ ဘာကြောင့်ဖြစ်ရသလဲလို့ အဖြေရှာကြည့်တော့ ကျောက်ဝိုင်းထဲမှာ WeChatနဲ့ထိုင် ဝယ်နေတဲ့ တရုတ်နိုင်ငံသားတွေကြောင့်ပါ။ မန္တလေးကျောက်ဝိုင်းထဲက ပစ္စည်းတစ်ခုကို WeChatနဲ့ရိုက်ပြီး ဟိုဘက်(တရုတ်ပြည်)ပြလိုက်တာနဲ့ WeChatနဲ့ အဝယ်တော်တွေ သူတို့အချင်းချင်း ဈေးဖွင့်ထားတာတွေ မြင်နေကြားနေရတော့ အဲ့ဒီ ကမောက်ကမပေးထားတဲ့ ဈေးတွေပဲ ပြန်ပေးကြတယ်။ အဲ့ဈေးတွေက တရားဝင် ထွက်ဈေးအမှန်လို သေချာနှိမ်ပြီး တညီတညွတ်ထဲ ပြန်ပေးကြတာလို့ ကျောက်ဝိုင်းထဲက မြန်မာကျောက်ကုန်သည်တွေက ပြောကြတယ်။

မြန်မာပြည်ဘက်မှာ မကိုက်လိုဆိုပြီး  အဲ့ဒီပစ္စည်းကို ဟိုဘက်တရုတ်နိုင်ငံထဲ ယူသွားပြီး ရောင်းလည်း ဒီဈေးတွေပဲ ပြန်ထွက်တာ။ အဲ့တော့မြန်မာပြည်က ကုန်သည်တွေ ခေတ်တွေပျက်ပြီး ကျောက်ဈေးကွက်ကလည်း ယောက်ယက်ခတ်ကုန်တော့တာ။ ဟိုတနေ့က ဖေ့စ်ဘုတ်ပေါ်မှာ တစ်ယောက်တင်ထားတာတွေ လိုက်တယ်။ အဲ့ဒါကတော့ မြန်မာပွဲစားတစ်ယောက်က  ယန်စီဖွား WeChat သမားတစ်ယောက်ကို ပစ္စည်းပြတယ်။  အဲ့ဒီ WeChat သမားက ပစ္စည်းကို တရုတ်ပြည်ဘက်က ကုန်သည်ကို လှမ်းပြပြီး ဟိုဘက်ကို တရုတ်လို ပြောလိုက်တာကတော့ “ခင်ဗျားကြိုက်သလောက် ဈေးပေးလိုက်ပါ။ မြန်မာတွေ ငတ်နေပြီ။ ပေးတဲ့ဈေးနဲ့ ရောင်းမှာပဲ”  တဲ့။

အဲ့လိုမျိုးပုံစံတွေ အဲ့လိုအခြေအနေတွေ ဖြစ်နေတော့ ဟိုဘက်က တရုတ်တွေကလည်း ပေးချင်တဲ့ ဈေးတွေပဲ လျှောက်ပေးတာ။ တချို့မြန်မာပြည်က ကုန်သည်တွေဆိုရင် အရူံးမပေါ်ရင်ပြီးရောဆိုပြီး အရင်းအတိုင်း ရောင်းနေရတာ။ မခံချင်စိတ်နဲ့ မရောင်းဘူးဆိုတော့ကလည်း မဖြစ်။ ရင်းနှီးထားရတာ သိန်းရာနဲ့ချီကိုး။ တချို ့ နယ်စပ်ဘက်သွားတဲ့ သူတွေဆိုလည်း ကြာလာတော့ စရိတ်ထောင်းပြီး ဒီထက်ပိုပြီး အရူံးမခံနိင်ကြတော့ အရူံးနည်းနည်းနဲ့ ရောင်းခဲ့ကြရတာ ရှိသလို ငွေပေါ်ချင်လို အရင်းသာသာလောက်နဲ့ရောင်းခဲ့ကြတာလည်း ရှိတယ်။ ရင်းနှီးမြှုပ်နှံထားတဲ့ ငွေကလည်း နည်းနည်းနှောနှောမှ မဟုတ်တာ။ အသီးအနှံလို ဒီတစ်ရာသီရှုံးရင် နောက်တစ်ရာသီတော့ မြတ်မယ်ဆိုပြီး မျော်လင့်လို့မရ။ တွင်းထွက်ပစ္စည်းဆိုတော့ ဖရဲသီးတို့သရက်သီးတို့လို နောက်ရာသီ တခြားသီးနှံပြန်စိုက်ပြီး အမြတ်ရှာလို့လည်း မရ။  တွင်းထွက်ဆိုတဲ့အတိုင်း ရှားပါးဆိုတော့ ဒီလိုပစ္စည်းမျိုး ပြန်ရဖို့ရာ လွယ်ပါ့မလားတွေးရင်း ပူနေရ၊ နှမြောတသပြီး ကိုင်ထားရင် ပိုပြီး ရှုံးရှုံးလာတယ်။ နောက်ဆုံးတော့ လက်မိူင်ချ ငုတ်တုတ်ဘဝတွေ ရောက်နေကြတယ်။

ကျောက်ဝိုင်းထဲ ဝင်ကြည့်ပါ။ မြန်မာကုန်သည် အများစု ထိုင်ငေးပြီး  ခေါင်းကုတ်လိုက်၊ နားခေါင်းနိူက်လိုက်နဲ့ တောင်တောင်အီအီဖြစ်နေကြပြီ။  ဘိုးစဉ်ဘောင်ဆက်လုပ်လာကြတဲ့  မြန်မာကျောက်ကုန်သည် အကြီးစား ဘိုးအေကြီးတွေတောင် ပျားတုပ်နေကြပြီ။  အရွယ်စုံ၊ ဆိုက်စုံ၊ ဥမမယ်၊ စာမမြောက်၊ ကလေးသာသာ ယန်စီဖွားများကတော့ ဖင်ကုတ်ခေါင်းကုတ်ချိန်ကို မရအောင် သောသောညံကို အလုပ်ဖြစ်နေကြတယ်။

(၃)

အသက်နဲ့ရင်း သဘာဝပတ်ဝန်းကျင်အပျက်စီးခံရင်း ကျန်တာတွေပါ ခံပြီးရင်းခံနေရတဲ့ မြန်မာပြည်က ကျောက်သမားများ…

ပိုပြီးခံရခက်တဲ့ ရင်နာစရောတွေ အများကြီးရှိပါသေးတယ်။ စေ့စေ့ပေါက်ပေါက် လေ့လာကြည့်လိုက်ရင် ကိုယ့်ဆီက လူတွေကပဲ အခံဖက်က ဖြစ်နေတယ်။ ဘာလို့လဲဆိုတော့ အဲ့ဒီ ကုန်သည်ဆိုတဲ့ ယန်စီဖွားအများစုက ကုန်သည်လည်း မဟုတ်ဘူး၊ ပွဲစားလည်းမဟုတ်ဘူး။ အဝယ်တော်တွေလို့ ပြောကြတယ်။ နောက် တော်တော်များများကလည်း ကျောက်အကြောင်း ကောင်းကောင်းနားမလည်ဘူးတဲ့။ သူ့တို့အတွက် လွယ်လွယ်အလုပ်ဖြစ်ကြလို့ ကြီကြီးငယ်ငယ် အရွယ်မျိုးစုံ မြန်မာနိုင်ငံကို ရောက်လာကြပြီး လုပ်စားလို့ ကောင်းနေကြတာပါ။

တကယ်တော့  သူတို့လုပ်ရတဲ့ အလုပ်ကတော့ မြန်မာပြည်ဘက်ကို လာပြီး ကျောက်ဝိုင်းထဲမှာ ထိုင်ပြီး WeChat နဲ့ရိုက်ပြီး တရုတ်ပြည်ဘက်က ကုန်သည်တွေကို ပြ၊ ဟိုဘက်က ကြည့်ပြီး ကြိုက်ရင်ဝယ်ပေါ့။ အဲ့လောက်ပါပဲ။ ဒါပေမယ့် သူတို့ရတဲ့ ငွေပမာဏကတော့ မြန်မာပြည်ဘက်က ကုန်သည် ထက်တောင် ပိုနိင်မယ်ထင်တယ်။ တစ်ချက်ခြင်း ပြောပြပါမယ်။ ပထမအချက်က သူတို့တွေကို  တရုတ်ပြည်ဘက်က ကုန်သည်တွေ  ဝယ်ယူပေးခအဖြစ်နဲ့ ဝယ်တဲ့ပစ္စည်းရဲ့ တန်ဖိုးပေါ်မှာ ၁၀%ကို  ပေးထားတယ်။ သိန်း(၁၀၀)ဖိုးဝယ်ပေးရင် သူတို့တွေ (၁၀)သိန်းရတယ်။  ဒုတိယတစ်ချက်က ပွဲညွန့်ပါ၊ ပွဲညွန့်ကတော့ ပြောမနေနဲ့။ တခါတလေဆို မြန်မာပြည်က ကျောက်ပိုင်ရှင်တောင်သူတို့လောက် မရဘူးထင်တယ်။ ဟိုတလောက ကျောက်ဝိုင်းထဲက မိတ်ဆွေတွေပြောပြတာ။ ယန်စီဖွား အဝယ်တော်ကို မြန်မာနိင်ငံသား ကျောက်အရောင်းသမားတစ်ယောက်က ကျောက်ပြသတဲ့။ အဲ့တော့ သူက WeChatနဲ့ ဟိုဘက်လှမ်းပြတယ်။ ဟိုဘက်က အဲ့ဒီပစ္စည်းကို ကြိုက်တော့ ဈေးမေးတယ်။ အဲ့တော့ ဒီဘက်က ယန်စီဖွားအဝယ်တော်က လာရောင်းတဲ့မြန်မာကို ဈေးမေးသတဲ့။  မြန်မာကုန်သည်က သိန်း(၁၀၀)လို့ ပြောတယ်။ အဝယ်တော်က တရုတ်လို ဟိုဘက်ကို သိန်း(၁၅၀)ပြောတယ်။ ဟိုဘက်က တရုတ်ကုန်သည်က  သိန်း(၈၀)ဈေးဆစ်တယ်။ အဝယ်တော်က ဒီဘက်က လာရောင်းတဲ့ မြန်မာနိင်ငံသားကို သိန်း(၄၀)ဆစ်တယ်။ မြန်မာအရောင်းသမား (ပွဲစား)က မရဘူး သိန်း(၅၀)မှ လို့ပြောတာကို တရုတ်အဝယ်တော်က သိန်း(၄၀)ပဲပေးတယ်။ နောက်ပိတ်ဆုံး သိန်း(၄၀)နဲ့ပဲ မြန်မာပြည်က လူက ယန်စီဖွားအဝယ်တော်ကို ရောင်းလိုက်တယ်တဲ့။   အဲ့ဒီအခြေအနေကြည့်လိုက်ရင် အဲ့ဒီအဝယ်တော်တွေ ပစ္စည်းပေါ်မှာ ပွဲညွန့်   ဘယ်လောက်ခုတ်သလဲဆိုတာ ခန့်မှန်း နိင်ပါတယ်။ နောက် သူတို့တွေ ပစ္စည်းတစ်ခုထဲ ဝယ်တာမဟုတ်ပါဘူး။ တနေကုန်ထိုင်ဝယ်နေတာ။ အဲ့တော့ သူတို့ရဲ့ ဝင်ငွေကို ခန့်မှန်းနိင်ပါတယ်။ နောက်ဆုံး တစ်ချက်က တရုတ်ငွေဈေးနဲ့ မြန်မာငွေဈေးကြားမှာလည်း  ဈေးဟ ထားသေးတယ်။ အဲ့တာကတော့ ဟိုဘက်က ယူတာ ကိုယ့်နဲ့တော့ မဆိုင်ပါဘူး။ 

အဲ့တော့ OSS လုပ်လိုက်ကတည်းက ကျောက်စိမ်းဆိုတာ  ကျုပ်တို့နိင်ငံသားတွေရဲ့ အကျိုးစီးပွားမဟုတ်ဘူး။ ယန်စီဖွား ပေါ်ပင် အဝယ်တော်တွေအတွက် လုပ်ပေးလိုက်သလိုပဲ။ အမှန်တကယ် စဉ်းစားကြည့်ရင် ကိုယ့်နိင်ငံက တွင်းထွက်ပစ္စည်းက ကိုယ့်နိင်ငံသားတွေအတွက် မဟုတ်ဘဲ တခြားသူတွေအတွက် ဖြစ်နေတယ်။ နောက်ပြီး သူတို့တွေက WeChatနဲ့ ဝယ်တဲ့အတွက် မြန်မာအစိုးရ အနေနဲ့ တိတိကျကျ အခွန်ကောက်မရဘူး။ အင်တာနက်ပေါ်မှာတင် ငွေချေကြတာကိုး။

နောက် ကျောက်စိမ်းဆိုတာကလည်း ရှားပါလာပါပြီ။ ဟိုအရင်ခေတ်ကလို ပေါပေါသီသီ ရဖို့မလွယ်သလို၊ ကျောက်ကောင်းကောင်း ရဖို့လည်း မလွယ်တော့ပါဘူး။ ရခဲ့ရင်တာင် လွယ်လွယ်ကူကူ မဟုတ်ပါဘူး။ လူပေါင်းများစွာ ချွေးနဲ့သွေးနဲ့ ရှာပြီးရတာပါ။ သဘာဝပတ်ဝန်းကျင်လည်း ကြီးကြီးမားမား ပျက်စီးသေးတယ်။ သစ်တောတစ်တောလုံးခုတ်၊ တောင်အလုံးပေါင်းများစွာ ဘူဒိုစာနဲ့ထိုး လူပေါင်းများစွာလည်း အသက်နဲ့ရင်းပြီး လုပ်ကြရတာ။ အဲ့ဒီလို အဖက်ဖက်က ကြီးကြီးမားမား အဆုံးရူံး အပျက်စီးခံပြီး လုပ်တာတောင် ကိုယ့်ဆီက  လူတွေအတွက် ချောင်ချောင်လည်လည် မဖြစ်ဘူး။ အရင်က ကျောက်စိမ်းဆိုတာ စီးပွားရေးထဲမှာ အချောင်လည်ဆုံးပါ။ အခုတော့ နားကားရုံတင်မကဘူး ၊ မျက်လုံးပါပြူး၊ ခြေဆန့်လက်ဆန့်တွေပါ ဖြစ်နေကြပြီ။

(၄)

ဘယ်လိုဖြေရှင်းကြမလဲ။

အခု မန္တလေးက ကျောက်ကုန်သည်တွေ ကြုံနေရတဲ့အခြေအနေကို ပြေလည်အောင် ဘယ်လိုဖြေရှင်းကြမလဲဆိုတာ တိကျသေချာတဲ့ အဖြေမရှိသေးပါဘူး။ ကျွန်တော့်အမြင်အရ မြန်မာနိုင်ငံသား ကျောက်ကုန်သည်တွေနဲ့ မြန်မာ့ကျောက်စိမ်းဈေးကွက် အခြေအနေပြန်ကောင်းဖို့ ဖြေရှင်းနိုင်မယ့် နည်းတွေရှိမယ်လို့ ထင်ပါတယ်။

WeChat တရုတ် အဝယ်တော်တွေ ရပ်အောင် လုပ်နိုင်မယ့်နည်း (၂)နည်းတော့ ရှိတယ်။ ပထမနည်း က OSS ကို ရပ်လိုက်ပါ။ ဟိုးရှေးတုန်းကလို့ပဲ ပိုနေမြဲ ကျားနေမြဲပေါ့။ Free Trade တွေ E-Tradeတွေ လုပ်မနေပါပဲ။ ပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက်ကြောင့် ကျောက်စိမ်းအချောထည်ကို  တရာဝင်းပြည်ပထုတ်ခွင့်ကို အကန်အသတ်မရှိ ရပ်ဆိုင်းထားတယ်ဆိုပြီး လုပ်လို့ရပါတယ်။ အခုလည်း တူးဖော်ခွင့်ပါမစ်တွေ ခဏရပ်ထားတာပဲ။ အကြောင်းပြလို့ရပါတယ်။ အဲ့ဒီလိုလုပ်လိုက်ရင်တော့ တရုတ် အဝယ်တော်တွေ သေချာပေါက် မလာလောက် တော့ဘူး။ ဝယ်ချင်ရင် ဟိုအရင်တုန်းကလို့ကုန်သည် အစစ်တွေ ပွဲစားအစစ်တွေ ရွေလီကနေ စောင့်ဝယ်ပါလိမ့်မယ်။ အဝယ်တော်တွေလဲ ကြာရင်ပျောက်သွားပါလိမ့်မယ်။

ဒုတိယနည်းက မြန်မာပြည် ဝင်လာမယ့် ပြည်ပက တရုတ်ကုန်သည်တွေကို visa အမျိုးအစားခွဲပြီး တင်းကြပ်ရပါ့မယ်။ visa မှာ visit ဆို အလည်အပတ်ပဲ လုပ်ရပါမယ်။ စီးပွားရေး လုပ်မရပါလို့ကန့်သတ်ရပါ့မယ်။  Business visa ဆိုရင်တော့ စီပွားရေးလုပ်လို့ရမယ်။ ဒါပေမယ့် Business visa မှာ ကျောက်ဝယ်မယ်ဆိုရင် mineral/ gemstones  visa ဆိုပြီး အမျိုးအစား ထပ်ခွဲပြီး  ကျောက်မျက်ရတနာ အရောင်းအဝယ်အတွက်ဆိုပြီး  အခွန်နူန်းကို များများကောက်လိုက်ပါ။ ကျောက်ဝိုင်းမှာလည်း သက်ဆိုင်ရာဌာနက  လိုက်စစ်ဆေးပါ။ တိုးရစ် ဧည့်သည်အနေနဲ့ လာရင် လက်ဆောင်ကျောက် ဒါမှမဟုတ် ကိုယ်တိုင်ဝတ်ဖို့အတွက်ဆို ဝယ်ခွင့်ပေးပါ။ နေ့တိုင်းလာပြီး စီးပွားရေးပုံစံပေါက်ရင် ဖမ်းပါ၊ ဒဏ်ငွေရိုက်ပါ။ blacklist သွင်းပါ။ တာဝန်ရှိတဲ့ ဝန်ကြီးဌာနတွေ၊ နိင်ငံတော်ရဲ့ မူဝါဒရေးရာဆွဲတဲ့ လူကြီးတွေမှာတော့ ဒီထက်ကောင်းတဲ့ စနစ်တွေ ရှိမယ်ထင်ပါတယ်။ ဒါကိုယ်နိင်ငံသား အကျိုးစီပွားအတွက် ကာကွယ်တာပါ။

တချို့ကပြောကြတယ်။ တရုတ်တွေ မလာအောင်ပိတ်လိုက်လို့တရုတ်တွေက ကျောက်စိမ်းတွေ မဝယ်တော့ရင် ဘယ်လို့လုပ်မှာလဲတဲ့။ တခြား market လည်း မရှိဘူးတဲ့။ အဲ့ဒီတော့ ပြောချင်တာ သူတို့ မဝယ်လည်း ခဏပါ။ ဝယ်ချင်တဲ့ သူက ဝယ်မှာပါ။ အဲ့လို့အချိန် ဝယ်တဲ့သူက ပစ္စည်းကောင်းကောင်းရဖို့် ပိုတောင်သေချာသေးတယ်လို့ တွက်ပြီး ဝယ်ချင်တဲ့သူတွေက ဝယ်ကြမှာပါ။ 

မြန်မာပြည်ကျောက်ဝိုင်းထဲမှာ ပွဲစားတွေအချင်းချင်း ညှိပြီး WeChat တရုတ်တွေမပြဘဲ WeChat မပါတဲ့လူပဲ ပြမယ်ဆိုပြီး လုပ်ကြတာ။ ဒါပေမယ့် မရပါဘူး။ ကြာရှည်တောင့် မခံနိင်ကြဘူး။ နောက်တော့ လူမညီကြတော့ အဲ့ဒီကိစ္စ ပျက်သွားပြန်ရော။ ထိုနည်း၎င်းပါပဲ။ သူတို့ဆီက ကုန်သည်၊ပွဲစား အစစ်တွေက ဝယ်ကြမှာပါ။ အချိန်တော့ ခဏစောင့်ရမှာပါ။ အချိန်တန်ရင် အရင်တိုင်း ပြန်ဖြစ်သွားမယ်ထင်ပါတယ်။

နောက်ထပ် ပြောချင်တာ တစ်ခုကတော့  အခု ဒီစာရေးနေရင်းနဲ့ ကျောက်ဝိုင်းထဲက မိတ်ဆွေတချို့နဲ့ စကားပြောဖြစ်တယ်။ စာထဲက အကြောင်းအရာတွေက လက်တွေ ့အပြင်မှာ ဖြစ်နေတာတွေပဲတဲ့။ အပြင်မှာ အခြေအနေက ဒီထက်တောင် ပိုဆိုးသေးတယ်တဲ့။ တကယ်ကို မြန်မာပြည်သားတွေ အောက်ကျ၊ နောက်ကျခံနေရတာတဲ့။ အရင်က အရမ်းအလုပ်ဖြစ်ခဲ့ကြတဲ့ ဝါရင့်ကျောက်သမားကြီးတွေတောင် သူ့တို့ပိုင်တဲ့ အခန်းတွေကို အဲ့ဒီ ယန်စီဖွားတွေကို ငှားပြီး လက်မိူင်ချထိုင်ငေးနေရတယ်တဲ့။ အဲ့လိုပြသာနာတွေကို အပြန်အလှန်ပြော ဆွေးနွေးဖြစ်ရင်းနဲ့ပဲ သူတို့ထဲက ကျောက်ကုန်သည်ကြီး တစ်ယောက်က   “အခုလို လုံးစေ့ပတ်စေ့ ရေးလိုက်လို့ ရော ထူးမှာ မို့လားတဲ့။ ပြီးခဲ့တဲ့ ၅ လလောက်ကတည်း ဒီ WeChat ကိစ္စတွေကို အစိုးရက သေချာကိုင်တွယ် စစ်ဆေးပြီး ပိတ်သင့်ပိတ်ရအောင် ကျောက်သမားတွေ စုရုံး စုရုံးနဲ့ အုတ်အော် သောင်းနင်းဖြစ်နေခဲ့တာတောင် အခုထိလည်း ဘာအသံမှ မကြားသေးဘူး” ဆိုပြီး စိတ်ပျက်လက်ပျက်အသံကြီးနဲ့ ပြောပါတယ်။ အဲ့တာနဲ့ ကျွန်တော်လည်း စိတ်ပျက်ပြီး အဲ့ဒါဆို ခင်များတို့က ဘယ်လိုဆက်လုပ်မှာလဲလို့မေးတော့..  သိဘူးတဲ့။  ဘယ်သူ့ကို တိုင်တည်ရမလဲ မသိဘူး။ နောက်  ဘယ်ဝန်ကြီးဌာနက ဝင်လုပ်ပေးမလဲ ဆိုတာကိုလည်း ဂဃနဏ မသိဘူးတဲ့။ အဲ့တော့ အဲ့ဒီအဆင့်အတွက် သေချာအောင်  ထပ်စုံစမ်းကြည့်ပါအုံးတဲ့။ အခု ငါတို့ အဖြစ်က အားနာလို့ ခါးပါ။ ခါးပေါ်က ကလေး အဖေ ခေါ်စရာမရှိ ဆိုသလို့ပါပဲကွာ” တဲ့။

ကျော်နန္ဒ

(ကျော်နန္ဒသည် မန္တလေးမြို့ခံ ကျောက်စိမ်းကျောက်မျက် ကုန်သည်တစ်ဦးဖြစ်သည်။)

မန္တလေးကျောက်ဝိုင်း (မဟာအောင်မြေကျောက်မျက်ရောင်းဝယ်ရေးစခန်း) အတွင်း WeChat အသုံးပြုကာ ကျောက်စိမ်းအရောင်းအဝယ် ပြုလုပ်နေသူများ။ ဓါတ်ပုံ – Ko Nay Ko,Htet Aung, HMA.

(မန္တလေးမြို့ ကျောက်စိမ်းကျောက်မျက်ဈေးကွက်အတွင်း ဖြစ်ပေါ်နေသည့် အခြေအနေ၊ မန္တလေးဒေသခံ ကျောက်စိမ်း၊ကျောက်မျက် ကုန်သည်များ ကြုံတွေ့နေရသည့် အခြေအနေကို အများပြည်သူ သိရှိနိုင်ရန်အတွက် ယခုဆောင်းပါးကို ဖော်ပြခြင်းဖြစ်ပါသည်။ အယ်ဒီတာ – Mandalay In-depth News)

Leave a Reply

Your email address will not be published. Required fields are marked *