သကြားတန်ချိန် တစ်သောင်း ကုန်စည်ဖလှယ်သည့်စနစ်ဖြင့် တရုတ်သို့ တင်ပို့ရန် ဆွေးနွေး

ခွဲတမ်း(Quota)အရ သကြားတန်ချိန် တစ်သိန်းနှစ်သောင်း တရုတ်သို့ ရောင်းချရန် MoU လက်မှတ်ရေးထိုးပြီးဖြစ်

ထက်အောင်၊ သြဂုတ်-၆

ပြည်တွင်းထွက် သကြားတန်ချိန်တစ်သောင်းကို ကုန်စည်ဖလှယ်သည့်စနစ် (The Barter System)ဖြင့် တရုတ်နိုင်ငံသို့ တင်ပို့ရောင်းချနိုင်ရန် နှစ်ဖက်တာဝန်ရှိသူများ ဆွေးနွေးနေကြောင်း မြန်မာနိုင်ငံ သကြားနှင့် ကြံထွက်ပစ္စည်း ထုတ်လုပ်သူများနှင့် ကုန်သည်များအသင်း ဒုဥက္ကဌ ဦးဝင်းဌေးက ပြောသည်။

“ဒီတစ်သောင်းက ကုန်ပစ္စည်းဖလှယ်တဲ့ စနစ်နဲ့ သွားမှာ။ လက်ရှိတော့ ကြိုးစားဆဲပဲ။ ပြီးတော့ ဒါကလည်း ဒီထက်ပိုချင် ပိုမယ်။ ဒီတစ်သောင်းကတော့ ကနဦးအဆင့်ပေါ့။ လက်ရှိတော့ စာချုပ်ချုပ်နိုင်ဖို့ ဆွေးနွေးဆဲပဲ”ဟု ဦးဝင်းဌေးက ပြောသည်။

တရုတ်နိုင်ငံ ယူနန်ပြည်နယ်အခြေစိုက် ရွှေချိုက်ကုမ္ပဏီနှင့် ပြည်တွင်းကုမ္ပဏီတစ်ခုတို့ သကြားတန်ချိန်တစ်သောင်း ကုန်စည်ဖလှယ်သည့်စနစ်ဖြင့် ရောင်းချရန် ဆွေးနွေးနေကြခြင်းဖြစ်သည်ဟု ဆိုသည်။

ထို့အပြင် ဝေပုံကျခွဲတမ်း (Quota)အရ မြန်မာနိုင်ငံထွက် သကြားတန်ချိန် တစ်သိန်းနှစ်သောင်းကို တရုတ်နိုင်ငံသို့ ရောင်းချရန်အတွက်လည်း ပြီးခဲ့သည့် ဇွန်လအတွင်းက တရုတ်နိုင်ငံ ကူမင်းမြို့တွင် နှစ်ဖက်တာဝန်ရှိသူများ MoU လက်မှတ်ရေးထိုးထားပြီး ဖြစ်ကြောင်း မြန်မာနိုင်ငံ သကြားနှင့် ကြံထွက်ပစ္စည်း ထုတ်လုပ်သူများနှင့် ကုန်သည်များအသင်းမှ သတင်းရရှိသည်။

အဆိုပါ သကြားတန်ချိန်(၁၂၀၀၀၀)ကို ကိုတာစနစ်ဖြင့် တရုတ်နိုင်ငံသို့ တင်ပို့ရန် မြန်မာနိုင်ငံမှ ငွေရည်ပုလဲ ကုမ္ပဏီနှင့် တရုတ်နိုင်ငံမှ ရွှေလီသာထွန်း ကုမ္ပဏီတို့ သဘောတူ လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ပြီး ဈေးနှုန်းနှင့် အသေးစိတ်အချက်အလက်များ ဆက်လက်ဆွေးနွေးရန် ကျန်ရှိနေသေးသည်။ ထို့အပြင် လက်မှတ်ရေးထိုးပြီးချိန်မှ ငါးလအတွင်း တရုတ်နိုင်ငံသို့ တင်ပို့ရောင်းချရမည်ဖြစ်ရာ တရုတ်နိုင်ငံမှ တာဝန်ရှိသူများ ပြည်တွင်းစက်ရုံများသို့ အရည်အသွေး လာရောက်စစ်ဆေးမည်ဖြစ်ကြောင်း ဦးဝင်းဌေးက ပြောသည်။

“ပထမစာချုပ်ချုပ်ဆိုခဲ့ဲတဲ့ တစ်သိန်းနှစ်သောင်းအတွက် အရည်အသွေး စစ်ရမှာဖြစ်ပေမယ့် လက်ရှိထိတော့ အရည်အသွေး မစစ်နိုင်သေးဘူး။ တင်ပြထားတဲ့ စက်ရုံတွေတော့ ရှိတယ်။ အဲဒီထဲကမှာ သူတို့သတ်မှတ်တာနဲ့ ညီတဲ့စက်ရုံဆိုရင် ဒီက စက်ရုံက ဝယ်ယူခွင့်ရှိပါတယ်ဆိုပြီး လက်မှတ်ကို ထုတ်ပေးမှာ။ အဲဒီကနေမှ ဝယ်ယူမယ့် ကုမ္ပဏီက သူတို့ ဗဟိုအစိုးရဆီက ခွဲတမ်းစောင့်ရမှာဖြစ်တယ်”ဟု ဦးဝင်းဌေးက ရှင်းပြသည်။

လက်ရှိတွင် တရုတ်-မြန်မာ နှစ်နိုင်ငံကြား နယ်စပ်ကုန်သွယ်ရေးတွင် ကုန်စည်ဖလှယ်သည့် ကုန်သွယ်မူစနစ် (The Barter Trade System) ကို စတင်ကျင့်သုံးနေပြီး မြန်မာ့ဆန်တန်ချိန် တစ်သိန်းကို ကုန်စည်ဖလှယ်သည့်စနစ်ဖြင့် တရုတ်နိုင်ငံသို့ တင်ပို့နိုင်ရန် ပြီးခဲ့သည့် ဇူလိုင်လကုန်ပိုင်းကလည်း သဘောတူစာချုပ်ချုပ်ဆိုခဲ့သည်။

ပြည်တွင်းထုတ် သကြားတန်ချိန်တစ်သောင်း ကုန်စည်ဖလှယ်သည့်စနစ်ဖြင့် တရုတ်သို့ တင်ပို့မည်ဖြစ်သည်။ ဓါတ်ပုံ – Win Htay FB.

Leave a Reply

Your email address will not be published. Required fields are marked *