မိုးကုတ်ဒေသ လက်လုပ်လက်စား ကျောက်မျက်လုပ်ကွက် ဧကရှစ်သောင်းကျော်ကို ကျောက်မျက် နည်းဥပဒေ ထွက်ရှိပြီးမှသာ လုပ်ပိုင်ခွင့် ချပေးမည်

ကျောက်မထွက်သည့်မြေများကို လက်လုပ်လက်စားလုပ်ကွက်အဖြစ် ချပေးမည့်အပေါ် ဒေသခံများ မကျေနပ်

ကိုနေကို၊ သြဂုတ်-၅

မိုးကုတ်ဒေသရှိ လက်လုပ်လက်စား ကျောက်မျက်ရတနာ လုပ်ကွက်အဖြစ် လျာထားသည့် မြေဧကရှစ်သောင်းကျော်ကို မြန်မာ့ကျောက်မျက်ရတနာ နည်းဥပဒေ ထွက်ရှိပြီးမှသာ လုပ်ပိုင်ခွင့် ချထားပေးမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး သတ္ထုတွင်း ဦးစီး ဌာန ညွှန်ကြားရေးမှူး ဦးမိုးဆွေ က ပြောသည်။

“နည်းဥပဒေ လွှတ်တော်မှာ စဆွေးနွေးနေပြီ။ ဘယ်အချိန် ထွက်လာမယ်ဆိုတာ ခန့်မှန်းလို့ မတတ်ဘူး။ အမြန်ဆုံးတော့ ထွက်လာမှာပါ” ဦးမိုးဆွေက ပြောသည်။

မိုးကုတ်ဒေသတွင် ဒေသခံများအတွက် လက်လုပ်လက်စား ကျောက်မျက်ရတနာ လုပ်ကွက်များအဖြစ် ချထားပေးရန် လျာထားသည့် မြေဧက(၈၂၂၀၀)ကျော် ရှိပြီး လောင်းစင်၊ ရေဝေ၊ ပင်သပြေနှင့် ပိန်းမြစ် အစရှိသော နေရာများရှိ မြေများဖြစ်သည်။ ယင်းမြေနေရာများကို ဇုံသုံးခု ပိုင်းခြား သတ်မှတ်ထားပြီး ဇုံ(၁)တွင် (၆၅၆၂၈)ဧက၊ ဇုံ (၂)တွင် (၁၀၁၅၃) ဧကနှင့် ဇုံ (၃)တွင် (၆၄၃၈)ဧက ပါဝင်မည်ဖြစ်ကြောင်း သတ္ထုတွင်း ဦးစီးဌာနမှ ထုတ်ပြန်သည့် မြေပုံများတွင် ဖော်ပြထားသည်။

မိုးကုုတ်ဒေသတွင် ပြည်ထောင်စုက စီမံခန့်ခွဲခွင့်ရှိသည့် အလတ်စား ကျောက်မျက်လုပ်ကွက် ဧရိယာ (၁၆၁၆၀)ဧက နှင့် တိုင်းဒေသကြီး အစိုးရက စီမံခန့်ခွဲနိုင်သည့် လက်လုပ်လက်စား လုပ်ကွက် ဧရိယာ (၈၂၂၁၉) ဧက ရှိကြောင်း သတ္ထုတွင်း ဦးစီးဌာန မှတ်တမ်းများတွင် ဖေါ်ပြထားသည်။

သို့သော် ကျောက်မျက် တူးဖော်ထွက်ရှိသည့် လုပ်ကွက်များကို အလတ်စား ကျောက်မျက်လုပ်ကွက် ဇုံများအဖြစ် သတ်မှတ်ထားပြီး ကျောက်မထွက်သည့် မြေနေရာများကို လက်လုပ်လက်စား လုပ်ကွက်အဖြစ် သတ်မှတ်ချထား ပေးမည်ဆိုသည့်အပေါ် ဒေသခံများက လက်မခံကြောင်း မိုးကုတ်မြို့ ထာပွဲ ကျောက်ကုန်သည် ၊ ပွဲစားများ အသင်း ဥက္ကဌ ဒေါ်ဖြူဖြူမြင့် က ပြောသည်။

 “သူတို့ ပေးထားတဲ့ ဇုံတွေကို လက်မခံဘူး။ ကျောက်ပြဿဒ်၊ ချောင်းကြီး၊ ဓါတ်တော် အစရှိတဲ့ ကျောက် ထွက်တဲ့ နေရာတွေမှာ အလတ်စား၊ အသေးစား နဲ့ လက်လုပ်လက်စားတွေကို (၃၃)ရာခိုင်နှုန်းစီ ခွဲပြီး ပေးဖို့ အကြံပြုပြီး တောင်းဆိုထားတယ်။ အခုက ကျောက်ထွက်တဲ့ နေရာတွေကို အလတ်စားဇုံလို့ သတ်မှတ်ထားတယ်” ဟု ၎င်းက ဆိုသည်။

ထို့အပြင် ပြီးခဲ့သည့် ဇူလိုင်(၂၈)ရက်က ကျောက်မျက် ဥပဒေ အကြံပြု ကော်မတီမှ ဦးဆောင်၍ မိုးကုတ်မြို့ အောင်ချမ်းသာ ဘုရားဝင်းအတွင်း ပြုလုပ်ခဲ့သည့် ကျောက်မျက်ရတနာ နည်းဥပဒေ ပတ်သက်သည့် သတင်းစာ ရှင်းလင်းပွဲတွင်လည်း ကျောက်ထွက်သည့် လုပ်ကွက်များတွင်သာ လက်လုပ်လက်စား လုပ်ကွက်များ ချထားပေးရန် ဒေသခံများက တင်ပြတောင်းဆိုခဲ့သည်။

မိုးကုတ်ဒေသတွင် ပြည်ထောင်စုက စီမံခန့်ခွဲသည့် ကျောက်မျက်ရတနာ  အလတ်စား လုပ်ကွက်အဖြစ် ဧက(၁၆၁၀၀)ကျော် သတ်မှတ်ထားပြီး ဇုံ (၃) ဇုံခွဲခြားထားကာ ဇုံ(၁)တွင် (၁၅၉၃၆)ဧက၊ ဇုံ(၂)တွင် (၁၃၄)ဧကနှင့် ဇုံ(၃)တွင် (၉၀)ဧက ဖြစ်သည်။

အလတ်စားလုပ်ကွက်အဖြစ် သတ်မှတ်ထားသည့် မြေဧရိယာများတွင် အသေးစားနှင့် လက်လုပ်လက်စား လုပ်ကွက်များအဖြစ် ခွဲဝေချထားပေးရန် ဒေသခံများမှ တောင်းဆိုနေသည့်အပေါ် ပြည်ထောင်စုက သတ်မှတ်ပေးထားသော လုပ်ကွက်ဇုံများ ဖြစ်သောကြောင့် ပြင်ဆင်ပေးရန် အချက်အလက်များ မရှိသေးကြောင်းနှင့် မြေပြင် အသေးစိတ် စစ်တမ်းများ မလုပ်ရသေးကြောင်း မန္တလေးတိုင်းဒေသကြီး သတ္ထုတွင်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမိုးဆွေ က ပြောသည်။

“မြေပြင်မှာ စစ်တမ်းလုပ်လို့ တကယ် မထွက်နိုင်တဲ့ နေရာဆိုလည်း ထွက်နိုင်တဲ့ နေရာတွေက  ပြည်ထောင်စုက ယူထားတဲ့နေရာနဲ့ လွတ်ကင်းတဲ့ နေရာဆိုရင် လုပ်ကွက် စိစစ်ချထားရေး အဖွဲ့က ပြန်ပြီးတော့ အဆိုပြုသွားမယ်။  ကျောက်ဘာညာဆိုတာကလည်း ပြောရခက်တာပေါ့။ ကံ ရဲ့ အကျိုးက ကိုးဆယ်ရာခိုင်နှုန်းလောက် ရှိတယ်။ မထွက်နိုင်ဘူး ထင်ပေမဲ့ လုပ်တဲ့သူရဲ့ ကံကြောင့် ထွက်သွားတဲ့ သာဓကတွေလည်း ရှိတယ်” ဟု ၎င်းက ရှင်းပြသည်။

၁၉၉၅ကျောက်မျက်ဥပဒေ ပြဌာန်းပြီးချိန်မှစတင်ကာ မိုးကုတ်ဒေသတွင် ဒေသခံများ တနိုင်တပိုင် ကျောက်မျက်တူးဖော်ခွင့် မရတော့ဘဲ အစိုးရနှင့် နီးစပ်သော လုပ်ငန်းရှင်နှင့် ကုမ္မဏီကြီးများသာ ကျောက်မျက်တူးဖော်လုပ်ကိုင်ခွင့် ရခဲ့သည်။

ပြီးခဲ့သည့် မတ်လကုန်ပိုင်းကမူ မိုးကုတ်ဒေသရှိ သက်တမ်းကုန် ကျောက်မျက်လုပ်ကွက်တစ်ခုအတွင်း ဒေသခံများက ဝင်ရောက်ခဲစာရှာဖွေခဲ့ရာ နှစ်ဖက်ပဋိပက္ခဖြစ်ပွားခဲ့ပြီး ကုမ္မဏီပိုင်ပစ္စည်းအချို့ မီးရဗို့ဖျက်ဆီးခံခဲ့ရသည်။

မိုးကုတ်ဒေသရှိ သက်တမ်းကုန် ကျောက်မျက်လုပ်ကွက်များအတွင်း ဝင်ရောက်ကာ ခဲစာရှာနေသည့် ဒေသခံများကို မတ်လကုန်ပိုင်းက တွေ့ရစဉ်။ ဓါတ်ပုံ – Shan Gyi FB.

Leave a Reply

Your email address will not be published. Required fields are marked *