တရုတ်သို့ ကုန်တင်ပို့မူ လျှော့ကျသဖြင့် မန္တလေး-မူဆယ် ကုန်စည်ပို့ဆောင်ရေး လုပ်ငန်း (၉၀)ရာခိုင်နှုန်းခန့် ရပ်နား

ထက်အောင်၊ သြဂုတ်-၅

နယ်စပ်ကုန်သွယ်ရေးမှတဆင့် တရုတ်နိုင်ငံသို့ ကုန်စည်တင်ပို့မူ လျှော့ကျနေသည့်အတွက် မန္တလေး-မူဆယ် ပြေးဆွဲနေသည့် ကုန်တင်ကား (၉၀)ရာခိုင်နှုန်းခန့် ပြေးဆွဲနိုင်ခြင်း မရှိတော့ဘဲ ရပ်နားထားရကြောင်း မန္တလေးတိုင်းဒေသကြီး အဝေးပြေးကုန်စည်ပို့ဆောင်ရေး ဝန်ဆောင်မှု လုပ်ငန်းရှင်များအသင်းဥက္ကဌ ဦးမျိုးဆွေက ပြောသည်။

၂၀၁၂နောက်ပိုင်း နယ်စပ်ကုန်သွယ်ရေးမှတဆင့် တရုတ်နိုင်ငံသို့ ဆန်တင်ပို့ခွင့်ပြုခဲ့သလို ကုန်သွယ်ရေးဆိုင်ရာ ဖြေလျှော့မူများကြောင့် မန္တလေး-မူဆယ်ကြား ပြေးဆွဲသည့် ကုန်တင်ကားအရေအတွက် တိုးပွားလာခဲ့သော်လည်း လက်ရှိတွင်မူ ကုန်စည်ရရှိမူ လျှော့နည်းလာသည့်အတွက် ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းအများစု ရပ်နားထားရသည်ဟု ၎င်းက ဆိုသည်။

“နှစ်နှစ်လောက်တော့ရှိပြီ။ အခြေအနေက တဖြည်းဖြည်း နည်းပါးလားတာ။ အခုကျတော့ ကုန်က မရှိသလောက်ကို နည်းသွားတယ်။  အရင်က ပြေးဆွဲနေတာရဲ့ ဆယ်ပုံ တစ်ပုံလောက်ပဲ ရှိတော့တယ်။ ဆန်နည်းနည်းပါးပါးနဲ့ ပဲလေးတွေပဲ တင်ပို့ရတယ်”ဟု ဦးမျိုးဆွေက ပြောသည်။

ထို့အပြင် မန္တလေး-မူဆယ် ကုန်တန်ဆာခနှုန်းထားမှာလည်း ယခင်ထက် ဈေးနှုန်းထက်ဝက်ကျော် ကျဆင်းသွားခဲ့ပြီး လက်ရှိပြေးဆွဲနေသော ကုန်တင်ကားများမှာ ဈေးကောင်းမရဘဲ  ပြေးဆွဲနေရခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။ မန္တလေး-မူဆယ် ကုန်တန်ဆာခမှာ တစ်ပိဿာ ကျပ်၆၀မှ ၈၀ကျပ်ကြား ပုံမှန်ဈေးရှိသော်လည်း လက်ရှိတွင် ကုန်တစ်ပိဿာ တန်ဆာခ ၃၀ကျပ်အောက် ကျဆင်းနေသည်ဟု ဆိုသည်။

မူဆယ်ကုန်စည်ဒိုင်သို့ ကုန်ကားဝင်ရောက်မူ မရှိသလောက်နည်းပါးနေပြီး တရုတ်အစိုးရမှ တရုတ်ကုန်သည်များကို ထုတ်ပေးထားသည့် ဆန်တင်သွင်းမှု ပါမစ်ကြောင့်သာ ဆန်ကားအနည်းငယ် ဝင်ရောက်နေသည်ကို တွေ့ရကြောင်း မူဆယ်ဆန်စပါးကုန်စည်ဒိုင် ဒုဥက္ကဌ ဦးမင်းသိန်းက ပြောသည်။

“ဒီက(မူဆယ်) အခြေအနေပြောရရင် ရပ်သွားသလောက်ကို ဖြစ်နေတာ။ ဆန်ကတော့ တရုတ်ကုန်သည်ကို ပါမစ်ထုတ်ပေးတော့ အဲဒီ ပါမစ်နဲ့သွားနေတာ ရှိတယ်။ နာနတ်သီးကလည်း တရုတ်က အဝင်မခံတော့ နာနတ်သီးကား မဝင်လာတော့ဘူး”ဟု ဦးမင်းသိန်းက ပြောသည်။

ဆန်၊ပြောင်း၊ဖရဲ၊သခွားအပါအဝင် မြန်မာနိုင်ငံထွက် လယ်ယာထွက်ကုန်သီးနှံများကို မန္တလေး-မူဆယ်နယ်စပ်ကုန်သွယ်ရေးမှတဆင့် တရုတ်နိုင်ငံသို့ တင်ပို့ရောင်းချသည်။ သို့သော် ပြီးခဲ့သည့် ၂၀၁၈မှစတင်ကာ တရုတ်နိုင်ငံက မြန်မာဆန်တင်ပို့မူများကို တရားမဝင်ဟုဆိုကာ ဖမ်းဆီးအရေးယူခဲ့သလို ယခုနှစ် နာနတ်သီးပေါ်ချိန်တွင်လည်း တရုတ်နိုင်ငံသို့ တင်သွင်းခွင့်မပြုဘဲ ပိတ်ဆို့တားဆီးထားသည်။ ကျွဲ၊နွားတင်ပို့မူများလည်း လျှော့ကျနေရာ မန္တလေး-မူဆယ် ကုန်တင်ကားများ ကုန်မရဘဲ ရပ်နားနေရခြင်းဖြစ်သည်ဟု မန္တလေးအဝေးပြေးကုန်စည်ပို့ဆောင်ရေး လုပ်ငန်းရှင်များက ဆိုသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ မူဆယ်နယ်စပ်ကုန်သွယ်ရေးစခန်းမှ ပို့ကုန်တင်ပို့မူ တစ်နှစ်အတွင်း အမေရိကန်ဒေါ်လာ သန်း(၉၃၀)ကျော် လျှော့ကျခဲ့သည်။ ၂၀၁၇အောက်တိုဘာမှ ၂၀၁၈ ဇူလိုင်လကုန်ပိုင်းအထိ မူဆယ်နယ်စပ်ကုန်သွယ်ရေးမှ ပို့ကုန်တင်ပို့မူ အမေရိကန်ဒေါ်လာ သန်း(၃၆၅၀)ကျော်ရှိခဲ့ပြီး ၂၀၁၈အောက်တိုဘာမှ ၂၀၁၉ ဇူလိုင်လကုန်ပိုင်းအထိ မူဆယ်ကုန်သွယ်ရေးစခန်းမှ ပို့ကုန်တင်ပို့မူမှာ အမေရိကန်ဒေါ်လာ သန်း(၂၇၂၀)ကျော်သာ ရရှိထားသည်။

မန္တလေးမြို့ စွယ်တော်ဘုရားအနီးရှိ အဝေးပြေးကုန်စည်ပို့ဆောင်ရေး ကားဝင်းအတွင်း ဂိတ်ဖွင့်လှစ်လုပ်ကိုင်နေသည့် ကုန်စည်ပို့ဆောင်ရေးလုပ်ငန်း (၃၀၀)ဝန်းကျင်ရှိပြီး ယင်းလုပ်ငန်းများ၏ (၉၀)ရာခိုင်နှုန်းခန့် လုပ်ငန်းရပ်နားထားရခြင်း ဖြစ်သည်။

ကုန်တင်ကား အဝင်အထွက် မရှိဘဲ ရှင်းလင်းနေသည့် မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်အား ဇူလိုင်လကုန်ပိုင်းက တွေ့ရစဉ်။ ဓါတ်ပုံ – Kaung Kyaw Lwin FB.

Leave a Reply

Your email address will not be published. Required fields are marked *