နိုင်ငံ့ဝန်ထမ်းများအား လစာခံစားခွင့် တိုးမြှင့်ပေးရန် စီစဉ်နေကြောင်း သမ္မတဦးဝင်းမြင့်ပြော

ကိုနေကို၊ သြဂုတ်-၄

နိုင်ငံ့ဝန်ထမ်းများအား လစာခံစားခွင့်များ တိုးမြှင့်ပေးရန် စီစဉ်နေကြောင်း နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က အရိပ်အမြွက် ပြောကြားသည်။

နိုင်ငံ့ဝန်ထမ်းများ ကြုံတွေ့နေရသည့် အခက်အခဲနှင့် မပြေလည်မူများကို သဘောပေါက်နားလည်သည့်အတွက် ဖြေရှင်းပေးနိုင်ရန် စီစဉ်ဆောင်ရွက်လျှက်ရှိပြီး တွက်ချက်ပြီးပါက တတ်နိုင်သမျှ လုပ်ဆောင်ပေးမည်ဖြစ်ကြောင်း သမ္မတဦးဝင်းမြင့်က  မန္တလေးမြို့တွင် သြဂုတ်(၂)ရက်က ကျင်းပခဲ့သည့် မဏ္ဍိုင်သုံးရပ်တွေ့ဆုံပွဲတွင် ပြောသည်။

 “ဌာနဆိုင်ရာ ဝန်ထမ်းအသီးသီးကို တတ်နိုင်သမျှ ဖြည့်ဆည်းပေးဖို့ ကျွန်တော်တို့ ခေါင်းထဲမှာ အမြဲရှိပါတယ်။ တွက်ချက်ပြီးလည်း တတ်နိုင်သမျှ လုပ်ပေးးမှာပါ။ ကျွန်တော်တို့ မခွဲခြားပါဘူး။ ဝန်ထမ်းတွေအတွက်လည်း စဉ်းစားထားတာ ရှိတယ်။ ဝန်ထမ်းတွေသည် ကျွန်တော်တို့ စေတနာ ထားသလို တိုင်းပြည် ဖွံ့ဖြိုးတိုးတက်အောင် စေတနာထားပါ။ နိုင်ငံသူ နိုင်ငံသားတွေရဲ့ အကျိုးကို ဆောင်ရွက်ပေးပါ”ဟု သမ္မတက ပြောသည်။

နိုင်ငံ့ဝန်ထမ်းများအား လစာခံစားခွင့် တိုးမြှင့်ပေးတော့မည့် သဘော အထက်ပါအတိုင်း ပြောကြားခဲ့သော်လည်း မည်သည့်အချိန်တွင် မည်သည့်ခံစားခွင့်များ တိုးမြင့်ပေးမည်ဆိုသည်ကိုမူ သမ္မတက ပြောကြားခြင်းမရှိပေ။

သို့သော် နိုင်ငံဝန်ထမ်းများ လစာတိုးမြှင့်ပေးမည့် အခြေအနေနှင့်ပတ်သက်၍ ဘာသတင်းမျှ မကြားရသေးကြောင်း ပြည်ထောင်စုအစိုးရအဖွဲ့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒု-ဝန်ကြီး ဦးမောင်မောင်ဝင်းက ဇူလိုင်(၂၉)ရက်တွင် ပြောသည်။

ထို့အပြင် နိုင်ငံဝန်ထမ်းများအား လစာတိုးမြှင့်ပေးမည့် အခြေအနေနှင့်ပတ်သက်၍ ပြည်သူ့လွှတ်တော် ပြည်သူ့ငွေစာရင်းကော်မတီ ဥက္ကဌထံ ဆက်သွယ်မေးမြန်းရာ လာမည့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွက် အရအသုံးမှန်းခြေငွေစာရင်းများ ၎င်းတို့ထံ ရောက်ရှိနေပြီဖြစ်သော်လည်း စိစစ်နေဆဲဖြစ်၍ လစာတိုးပေးမူ ရှိ၊မရှိ အတိအကျ မသိရသေးဟု ကော်မတီဥက္ကဌက ပြောသည်။

လက်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဦးဆောင်သည့် အစိုးရသက်တမ်း သုံးနှစ်ကျော်အတွင်း နိုင်ငံဝန်ထမ်းများအား လစာခံစားခွင့် တစ်ကြိမ်တိုးမြှင့်ပေးထားသည်။ ၂၀၁၈ ဧပြီတွင် နိုင်ငံဝန်ထမ်းများအား လစာ၏(၂၀)ရာခိုင်နှုန်းစီ တိုးမြင့်ပေးခဲ့ခြင်းဖြစ်သည်။ ပြီးခဲ့သည့် သမ္မတဦးသိန်းစိန် အစိုးရသက်တမ်း ငါးနှစ်တွင်မူ နိုင်ငံဝန်ထမ်းများအား လစာခံစားခွင့် တိုးမြှင့်ပေးမူ သုံးကြိမ် ပြုလုပ်ခဲ့သည်။

နိုင်ငံ့ဝန်ထမ်းများ၏ အခက်အခဲများကို ဖြေရှင်းပေးနိုင်ရန် အစိုးရမှ စီစဉ်နေသလို ဌာနဆိုင်ရာ ဝန်ထမ်းများအနေဖြင့်လည်း ပြည်သူနှင့် ထိတွေ့ဆက်ဆံသည့်အခါ လေးစားသမှုဖြင့် ကောင်းမွန်စွာ ဆက်ဆံရန်နှင့် အာဏာနှင့် လုပ်ပိုင်ခွင့်ကို အသုံးချ၍ ပြည်သူကို ခြိမ်းခြောက်၊ဟိန်းဟောက် မလုပ်ကြရန် သမ္မတက မှာကြားသည်။

“ပြည်သူတွေအပေါ် ဆက်ဆံတဲ့အခါ   ပြည်သူအပေါ် အလုပ်အကျွေး ကောင်းကောင်းပြုပါ။ ပြည်သူနဲ့ ဆက်ဆံတဲ့အခါ လေးစားမှု ရှိပါ။ ပြည်သူ ပေးထားတဲ့ အဆောင်အယောင်နဲ့ ပြည်သူပေးထားတဲ့ လစာနဲ့ ပြည်သူပေးထားတဲ့ ခံစားခွင့်ကို စားသုံးတဲ့ ပုဂ္ဂိုလ်ဖြစ်လို့ ပြည်သူအပေါ်မှာ ငဲ့ညာထောက်ထားပြီး ပြည်သူ့အကျိုးအမြတ် ပေးစေချင်တယ်။ အလေးအနက် ထားစေချင်တယ်။  အားလုံး အခက်အခဲ အကျပ်အတည်း ရှိတာ နားလည်းပါတယ်။ ကိုယ့်ရှိတဲ့ အခက်အခဲ အကျပ်အတည်းထက် ပြည်သူတွေ ရှိတဲ့ အခက်အခဲ အကျပ်အတည်းကို ပိုပြီးတော့ ဦးစားပေးစေချင်ပါတယ်။ ဝန်ထမ်းအားလုံးလည်း မိသားစု၊  ကိုယ်ရေးကိုယ်တာ ဝေဒနာတွေ ရှိပေမဲ့  သို့သော် ဝန်ထမ်းအားလုံးသည် ကိုယ့်ဝေဒနာ ကိုယ်ဖြေသိမ့်ပြီးတော့ ပြည်သူလူထု နေ့တဓူဝ ခံစားနေရတဲ့ ဝေဒနာကို ကုစားပေးကြပါ”ဟု သမ္မတက ပြောသည်။

နိုင်ငံ့ဝန်ထမ်းများ၏ လက်ရှိ အနိမ့်ဆုံးလစာနှုန်းထားသည် ကျပ်(၁၄၄၀၀၀)ဖြစ်သည်။

ဓါတ်ပုံ – Myanmar President Office.

Leave a Reply

Your email address will not be published. Required fields are marked *