မန္တလေး-မူဆယ်ကားလမ်း ဂုတ်တွင်းတွင် တံတားသစ် တည်ဆောက်ရန် နီးစပ်၊ မြေယာပိုင်ရှင်(၃၀၀)နီးပါးအနက် တစ်ဦးသာ ညှိနိုင်းရန်ကျန်ဟုဆို

ကိုနေကို၊ ဇူလိုင်-၂၈

မန္တလေး-မူဆယ် ပြည်ထောင်စုလမ်းမကြီး နောင်ချိုနှင့် ကျောက်မဲမြို့အကြား ဂုတ်တွင်းလမ်းပိုင်းတွင် မော်တော်ယာဉ်များ ဖြတ်သန်းသွားလာနိုင်မည့် တံတားသစ်တစ်စင်း တည်ဆောက်ရန် စီစဉ်နေပြီး မြေယာလျှော်ကြေးကိစ္စများ ညှိနိုင်းပြေလည်လုနီးပါးဖြစ်သည်ဟု အဆိုပါလမ်းပိုင်းအား တာဝန်ယူလုပ်ကိုင်နေသည့် Oriental Highway ကုမ္ပဏီ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဂုတ်တွင်းတံတား တည်ဆောက်မည့်နေရာတွင် မြေယာပိုင်ဆိုင်သူ (၃၀၀)ဝန်းကျင်ရှိပြီး အများစုနှင့် သဘောတူညီမူ ရရှိပြီးဖြစ်ကာ နောင်ချိုမြို့နယ်ဖက်အခြမ်းမှ မြေယာပိုင်ရှင်တစ်ဦးနှင့်သာ မြေယာလျှော်ကြေးကိစ္စ  သဘောတူညီချက်ရရန် ကျန်ရှိတော့ကြောင်း ၎င်းက ဆိုသည်။

လက်ရှိတွင် ဂုတ်တွင်းတံတားသစ် တည်ဆောက်နိုင်ရေး စီမံကိန်းဆိုင်ရာ အချက်အလက်များကို မြန်မာနိုင်ငံ ရင်းနှီးမြုပ်နှံမူ ကော်မရှင် (MIC) သို့ တင်ပြထားပြီး MIC ၏ ခွင့်ပြုချက်ရရှိပါက တံတားတည်ဆောက်ရေး လုပ်ငန်းများ စတင်တော့မည်ဟု အထက်ပါတာဝန်ရှိသူက ပြောသည်။

ဂုတ်တွင်းလမ်းပိုင်းမှာ အကွေ့အကောက် များပြားပြီး မကြာခန ယာဉ်ကြောပိတ်ဆို့ခြင်းနှင့် ယာဉ်တိမ်းမှောက်ခြင်းများ ဖြစ်ပေါ်လေ့ရှိသဖြင့် ယင်းလမ်းကွေ့များအား  ရှောင်လွှဲသွားလာနိုင်ရန်အတွက် တံတားသစ် တည်ဆောက်ရန် စီစဉ်ခြင်းဖြစ်သည်ဟု ဆိုသည်။

“လက်ရှိအသုံးပြုနေတဲ့ ဂုတ်တွင်းလမ်းပိုင်းက လမ်းလည်း ကျဉ်းတယ်။ ထပ်ပြီးလည်း ချဲ့မရတော့ဘူး။ ကွေ့တွေလည်းရှိတယ်။ အန္တရာယ်လည်း ခဏခဏ ဖြစ်တယ်။ တံတားသစ်ထိုးပြီးရင် အချိန်လည်း သက်သာမယ်။ အန္တရာယ်လည်းကင်းသွားမယ်” ဟု Oriental Highway ကုမ္ပဏီ တာဝန်ရှိသူတစ်ဦးက ပြောသည်။

Oriental Highway ကုမ္ပဏီသည် ဂုတ်တွင်းတံတားသစ်ကို တန် ၆၀ ခံနိုင်ဝန်ရှိသော လေးလမ်းသွားအကျယ် သံမဏိ ကြိုးတံတားအဖြစ် တည်ဆောက်မည်ဖြစ်သည်။ တံတားသည် အရှည် ၈၈၇ မီတာ (၂၉၁၀ပေ)နှင့် အမြင့် ၁၀၀ မီတာ (၃၂၈ ပေ) ရှိမည်ဖြစ်ကာ တည်ဆောက်ချိန် သုံးနှစ်ခွဲခန့် ကြာမြင့်နိုင်ကြောင်း ယင်းကုမ္ပဏီမှ သတင်းရရှိသည်။

၎င်းကြိုးတံတားအား BOT (တည်ဆောက်၊ စီမံ၊ လွှဲပြောင်း) စနစ်ဖြင့်  တည်ဆောက်မည်ဖြစ်ကာ ခန့်မှန်းခြေ ကျပ် ဘီလီယံ ၄၀ နှင့် ကန်ဒေါ်လာသန်း ၁၂၀၊ ငွေနှစ်ရပ်ပေါင်း၍ သုံးစွဲမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန ဒု-ဝန်ကြီးက လွှတ်တော်သို့ ရှင်းလင်းတင်ပြထားသည်။

နောင်ချိုမြို့ရှောင်လမ်းနှင့် ဂုတ်တွင်းတံတားသစ် တည်ဆောက်မည့် စီမံကိန်းဧရိယာတွင် ကျောက်မဲနှင့် နောင်ချိုမြို့နယ် နှစ်ခု၌ ပါဝင်သော စိုက်ပျိုးမြေနှင့် သစ်တောမြေ စုစုပေါင်း ၄၉၉ ဒသမ ၇၃ ဧက ရှိသည်ဟု ဆောက်လုပ်ရေး ဒု-ဝန်ကြီးက ဆိုထားသည်။

ဂုတ်တွင်းတံတားသစ် တည်ဆောက်မည့် အစီအစဉ်အပေါ် ကြိုဆိုကြောင်း မန္တလေး-မူဆယ်ကားလမ်း ယာဉ်မောင်း ကိုအောင်သော်က ပြောသည်။  “ကားသမားတွေအတွက်တော့ ကောင်းတာပေါ့။ အချိန်သက်သာသွားမယ်။ ဘမ်းကြောင်းကြပ်တာ၊ လမ်းပိတ်တာ လျော့သွားမယ်”ဟု ၎င်းက ပြောသည်။

မန္တလေး-မူဆယ်လမ်း ပြည်ထောင်စုလမ်းမကြီးပေါ် နေ့စဉ် ဖြတ်သန်းသွားလာနေသည့် မော်တော်ယာဉ် အစီးရေ ၆၀၀၀ ကျော်ရှိကြောင်း  Oriental Highway ကုမ္မဏီ မှတ်တမ်းများတွင် ဖော်ပြထားသည်။

ဂုတ်တွင်းတံတားသစ် တည်ဆောက်မည့်နေရာ။ ဓါတ်ပုံ – Supply.

Leave a Reply

Your email address will not be published. Required fields are marked *