ကုန်စည်ဖလှယ်စနစ်ဖြင့် ဆန်တန်ချိန်တစ်သိန်း တရုတ်သို့ တင်ပို့ရန် ပထမဆုံးအကြိမ် စာချုပ်ချုပ်ဆို

ကိုနေကို၊ ဇူလိုင် – ၂၆

နယ်စပ်ကုန်သွယ်ရေးမှတဆင့် ကုန်စည်ဖလှယ်သည့်စနစ်ဖြင့် မြန်မာ့ဆန် တန်ချိန်တစ်သိန်း တရုတ်သို့ တင်ပို့နိုင်ရန် ဇူလိုင်(၂၅)ရက်တွင် ပထမဆုံးအကြိမ် သဘောတူစာချုပ်ချုပ်ဆိုခဲ့သည်။

တရုတ်နိုင်ငံသို့ မြန်မာ့ဆန်တင်ပို့မူနှင့် ပတ်သက်၍ ကုန်စည်ဖလှယ်စနစ် (The Barter Trade) ကျင့်သုံးရန် ပြီးခဲ့သည့် မေလအတွင်းက နှစ်ဖက်အစိုးရ သဘာတူညီမူ ရခဲ့ပြီးနောက် ယင်းစနစ်ဖြင့် ဆန်စတင်တင်ပို့ရန် ယခုပထမဆုံးအကြိမ် သဘောတူညီစာချုပ် ချူပ်ဆိုခြင်းဖြစ်သည်။

ပြည်တွင်းထွက် ဆန်လုံးရှည်အမျိုးအစား ဆန်တန်ချိန် တစ်သိန်းကို နယ်စပ်ကုန်သွယ်ရေးမှတဆင့် တရုတ်နိုင်ငံသို့ တင်ပို့ရန်  မန္တလေး ဆန်စပါး ဖွံ့ဖြိုးတိုးတက်ရေး ကုမ္ပဏီနှင့် တရုတ်နိုင်ငံ ကူမင်းမြို့အခြေစိုက် ရွှေချိုက်ကုမ္ပဏီတို့ ဇူလိုင်(၂၅)ရက်က မန္တလေးမြို့တွင် သဘောတူစာချုပ် ချုပ်ဆိုခဲ့ခြင်းဖြစ်သည်။

လာမည့် သြဂုတ်လဆန်းတွင် ဆန်များ စတင်တင်ပို့ရန် ရည်ရွယ်ထားပြီး ဆန်တန်ချိန်တစ်သိန်းကို (၁၀)လအတွင်း အပြီးတင်ပို့ပေးရမည်ဖြစ်ကြောင်း မန္တလဆန်စပါးဖွံ့ဖြိုးတိုးတက်ရေး ကုမ္ပဏီ မန်နေဂျင်း ဒါရိုက်တာ ဦးစိုင်းကျော် က ပြောသည်။

ဆန်တင်ပို့ပြီးနောက် ကုန်စည်ဖလှယ်မှု စနစ်အရ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်မှ  ထွက်ရှိသော ဓါတ်မြေသြဇာများ၊ သံ၊သံမဏိနှင့် အိမ်ဆောက်ပစ္စည်းများ၊ လျှပ်စစ်ပစ္စည်းအမျိုးမျိုး၊ လယ်ယာသုံး စက်ယန္တယားများ စသည့် ပစ္စည်း(၄)မျိုးကို ပုံမှန်ပေါက်ဈေးအောက် အနည်းဆုံး ငါးရာခိုင်နှုန်း လျှော့ဈေးနှုန်းဖြင့် ပြန်လည်တင်သွင်းရမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ပထမဆုံးအကြိမ် ကုန်စည်ဖလှယ်သည့်စနစ်ဖြင့် အရောင်းအဝယ် ပြုလုပ်မည်ဖြစ်သောကြောင့် နှစ်ဖက်လုံးတွင် အခက်အခဲနှင့် စိန်ခေါ်မှုများ ရှိနေပြီး ဆန်ဈေးနှုန်းကို ပြည်တွင်း၌ ဈေးသတ်မှတ်၍ တင်ပို့မည်ဖြစ်ကြောင်း  ဦးစိုင်းကျော်က ရှင်းပြသည်။

“ကုန်သည်တွေအနေနဲ့ ကုန်ဖလှယ်စနစ်ကို ကြိုးစားလုပ်စေချင်တယ်။  ဒါမှလည်း နိုင်ငံထဲမှာ မရောင်းရတဲ့ ဆန်တွေက  လျောလျောလျူလျူ ထွက်သွားမှာ။ အရောင်းအဝယ်မလုပ်ဘဲ ထိုင်နေရင် အဆင်ပြေမှာ မဟုတ်ဘူးလေ။ ပိုက်ဆံအနေနဲ့ မဟုတ်ဘဲ ပစ္စည်းအနေနဲ့ ဝင်လာမှာဆိုတော့ ကုန်သည်တွေ ခေါင်းခြောက်ခံပေးမှ ဆန်စက်တွေ တောင်သူတွေ အကုန်လုံး အဆင်ပြေမယ်”  ဟု ၎င်းက ဆိုသည်။

လက်ရှိတွင် တရုတ်နိုင်ငံသို့ ဆန်တင်ပို့ရောင်းချနိုင်ခြင်း မရှိ၍ ပြည်တွင်းဈေးကွက်၌ ဆန်စပါးဈေးနှုန်း ကျဆင်းနေကြောင်း မန္တလေးမြို့ ဆန်စပါး ကုန်စည်ဒိုင် ဥက္ကဌ ဦးကျော်ကျော်နိုင် က ပြောသည်။

ယခုကဲ့သို့ ကုန်စည်ဖလှယ်စနစ်ဖြင့် တရုတ်နိုင်ငံသို့ ဆန်တန်ချိန်တစ်သိန်း တင်ပို့နိုင်မည့် အရောင်းအဝယ်စာချုပ် ချုပ်ဆိုနိုင်သည့်အပေါ် ကြိုဆိုရမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“လိုချင်တာတော့ ငွေဖြူနဲ့ပေါ့။ အခုလို အရောင်းအဝယ် မဖြစ်တဲ့ အချိန်မှာ ကုန်စည်ဖလှယ် စနစ်နဲ့ဆိုလည်း အတွေ့အကြုံသစ်တစ်ခုအနေနဲ့ လုပ်တာ ကောင်းတာပေါ့။ တရုတ်နိုင်ငံနဲ့ အခြားပြည်ပနိုင်ငံတွေ ပြိုင်ဝယ်လာရင် ဈေးပြန်တက်လာနိုင်တယ်။ ဒါဆို တောင်သူတွေအတွက် စပါးဈေးကောင်းရမယ်” ဟု ဦးကျော်ကျော်နိုင်က ပြောသည်။

တရုတ်နိုင်ငံသည် မြန်မာနိုင်ငံမှ တင်ပို့လာသော ဆန်များကို တရားမဝင် တင်ပို့သည်ဟုဆိုကာ ၂၀၁၈ အောက်တိုဘာမှ စတင်ကာ ကြပ်မတ်ဖမ်းဆီးခဲ့သည်။ ထိုသို့ တရုတ်နိုင်ငံ၏ ဖမ်းဆီးမူများကြောင့်  မူဆယ်နယ်စပ်တွင် တရုတ်သို့ ပို့မည့် မြန်မာ့ဆန်တန်သိန်းနှင့်ချီကာ ပိတ်မိခဲ့သည်။

မူဆယ်တွင် ပိတ်မိနေသော ဆန်များနှင့်ပတ်သက်၍ တရုတ်-မြန်မာနှစ်နိုင်ငံ တာဝန်ရှိသူများ၊ ဆန်ကုန်သည်များကြား ညှိနိုင်းခဲ့ပြီးနောက် တရုတ်နိုင်ငံမှ စက်မူကုန်ကြမ်းအနေဖြင့် ပါမစ်ထုတ်ပေးကာ တင်သွင်းခွင့်ပြုခဲ့ပြီးသဖြင့် လက်ရှိတွင် မူဆယ်၌ ဆန်လက်ကျန်အနည်းသာ ရှိတော့ကြောင်း မူဆယ်ဒေသခံ ဆန်ကုန်သည်များက ဆိုသည်။

လက်ရှိ မန္တလေးမြို့ ဆန်စပါး ဈေးကွက်တွင် ပြည်ပသို့ တင်ပို့သော ဆန်ကြမ်း တစ်အိတ်(ကီလို၅၀)လျင် ကျပ်နှစ်သောင်းဝန်းကျင်  ပေါက်ဈေးရှိသည်။

ကုန်စည်ဖလှယ်စနစ်ဖြင့် တရုတ်သို့ ဆန်တင်ပို့ရန် စာချုပ်ချုပ်ဆိုစဉ်။ ဓါတ်ပုံ – Sai Kyaw FB.

.

Leave a Reply

Your email address will not be published. Required fields are marked *