တောင်ပြုံးပွဲတော် ဆိုင်ခန်းခဈေးနှုန်းများ ယခင်နှစ်အတိုင်း ပြောင်းလဲမူမရှိဘဲ ချထားပေးမည်

ဇူလိုင်-၁၄။ မကြာမီ ကျင်းပတော့မည့် တောင်ပြုံးပွဲတော်တွင် ဆိုင်ခန်းခဈေးနှုန်းများကို ယခင်နှစ်အတိုင်း ပြောင်းလဲမှုမရှိဘဲ  လေလံချထားပေးမည်ဖြစ်ကြောင်း တောင်ပြုံးစေတီ ဂေါပကအဖွဲ့ဥက္ကဌ ဦးကျော်ကျော်က ပြောသည်။

မန္တလေးမြို့အနီး မတ္တရာမြို့နယ် တောင်းပြုံးရွာတွင် ကျင်းပသည့် တောင်ပြုံးပွဲတော်ကို နှစ်စဉ် ဝါခေါင်လဆန်း ၈ရက်မှ ၁၅ ရက်အထိ (သြဂုတ်လအတွင်း) ကျင်းပလေ့ရှိသည်။  ယခုနှစ် တောင်ပြုံးပွဲတော်တွင် ရောင်းချမည့် ဈေးဆိုင်ခန်းများအတွက် ဆိုင်ခန်းနေရာနှင့် ရောင်းချမည့် ကုန်ပစ္စည်းပေါ်မူတည်၍ အနိမ့်ဆုံး ကျပ်(၁၂၀၀၀၀)မှ အမြင့်ဆုံး ကျပ်(၂)သိန်း သတ်မှတ်ထားသည်။  

ထို့အပြင် လေလံသတ်မှတ်ထားသည့် ပုံစံ(၆)မျိုးရှိပြီး ကြမ်းခင်းဈေးနှုန်းများမှာ ဇာတ်ရုံနေရာတစ်ခုလျှင် ကျပ်သိန်း(၆၀)၊ လျှပ်စစ်သွယ်တန်းခြင်းအတွက် ကျပ်သိန်း(၈၀)၊ ရုပ်ရှင်ရုံနှင့် မျက်လှည့်ရုံများအတွက် ကျပ်သိန်း(၅၀)၊ ကစားကွင်း(ညောင်ပင်ဝိုင်း)အတွက် ကျပ်သိန်း(၇၀)နှင့် သန့်စင်ခန်းနှင့်ရေသန့်အတွက် ကျပ်သိန်း(၆၀) ဖြစ်သည်။

“ဈေးနှုန်း ပြောင်းလဲမှု မရှိပါဘူး။ အရင်နှစ်ကအတိုင်းပါပဲ”ဟု ၎င်းက ပြောသည်။

အဆိုပါ ဆိုင်ခန်းများအတွက် ဇူလိုင်(၁၅)ရက်မှ (၁၇)ရက်အတွင်း လျှောက်လွှာဖောင်များ ရောင်းချပေးမည်ဖြစ်ကာ ဇူလိုင်(၁၈)ရက်တွင် လေလံချထားပေးမည်ဟု ဦးကျော်ကျော်က ပြောသည်။

လတ်တလောတွင် မြန်မာနိုင်ငံတွင်း ဖြစ်ပွားနေသည့် H1N1(ရာသီတုပ်ကွေးရောဂါ) အခြေအနေကြောင့် တိုင်းအစိုးရထံမှ ခွင့်ပြုချက် စောင့်ဆိုင်းနေရသည့်အတွက် ယခုနှစ် တောင်ပြုံးပွဲတော် ဈေးဆိုင်ခန်းနေရာများ လေလံရောင်းချရက် နောက်ကျခဲ့ခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။

လွန်ခဲ့သည့် ၂၀၁၇ကမူ နိုင်ငံအတွင်း H1N1ရောဂါ ဖြစ်ပွားနေသည့်အတွက် အဆိုပါရောဂါ ကူးစက်မည်ကို စိုးရိမ်သည်ဟုဆိုကာ တိုင်းအစိုးရအဖွဲ့မှ ပွဲတော်ကျင်းပရက်နီးကပ်ချိန်မှ ပွဲကျင်းပခွင့်မပြုတော့ဘဲ ပိတ်ပင်ခဲ့သည်။ ထို့အတွက် တောင်ပြုံးပွဲတွင် ဈေးရောင်းချရန် အားခဲထားသည့်  နိုင်ငံတဝှန်းမှ ဈေးသည်များ အထိနာခဲ့ပြီး ဈေးသည်အချို့တွင် ကျပ်သိန်းရာနှင့်ချီကာ နစ်နာခဲ့သော်လည်း မန္တလေးတိုင်းအစိုးရအဖွဲ့မှ တစုံတရာ တာဝန်ယူဖြေရှင်းပေးမူ မရှိခဲ့ပေ။

ယခုနှစ်တောင်ပြုံးပွဲတော်တွင် ပွဲတော်လာပြည်သူများအတွက် H1N1 အသိပညာပေး လက်ကမ်းစာစောင်များဝေငှခြင်း၊ Mask (နှာခေါင်းစည်းများ)ဝေခြင်း၊  Hand Gel (လက်ဆေးဆပ်ပြာအဆီ)များ ဝေငှခြင်းနှင့် အဖျားရောဂါရှိသူများကို စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများက ပြောသည်။ Author- မောင်မင်းမော် (Mandalay In-depth News)

တောင်ပြုံးပွဲတော် မြင်ကွင်း။ ဓါတ်ပုံ – Si Thu Lin.

Leave a Reply

Your email address will not be published. Required fields are marked *