နေပြည်တော်ကျောက်မျက်ပြပွဲ ယူရို(၅)သန်း သတ်မှတ်ထားသည့် ကျောက်စိမ်းတွဲ အပါအဝင် တန်ဖိုးကြီး ကျောက်စိမ်း၊ ကျောက်မျက်များ ပြသရောင်းချမည်

Mandalay In-depth News၊ စက်တင်ဘာ-၁၂

နေပြည်တော်တွင် ကျင်းပမည့် နှစ်လည်မြန်မာ့ကျောက်မျက်ရတနာ ပြပွဲ၌ ကြမ်းခင်းဈေး ယူရို(၅)သန်း (ကျပ်သန်း ၇၅၀၀ကျော်) သတ်မှတ်ထားသည့် ကျောက်စိမ်းတွဲအပါအဝင် တန်ဖိုးကြီး ကျောက်စိမ်း၊ကျောက်မျက်များ ပြသရောင်းချမည်ဖြစ်ကြောင်း မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဗဟိုကော်မတီမှ သတင်းထုတ်ပြန်ထားသည်။

ပြည်တွင်းနှင့် နိုင်ငံတကာမှ ရတနာကုန်သည်များအား ယူရိုငွေဖြင့် ရောင်းချမည့် နှစ်လည်မြန်မာ့ကျောက်မျက်ရတနာ ပြပွဲကို နေပြည်တော် မဏိရတနာကျောက်စိမ်းခန်းမတွင်  စက်တင်ဘာ(၁၆)မှ (၂၅)ရက်အထိ ဆယ်ရက်ကြာကျင်းပမည်ဖြစ်သည်။

အဆိုပါ ပြပွဲတွင် ဈေးအမြင့်ဆုံးအဖြစ် ကြမ်းခင်းဈေး ယူရို(၅)သန်း သတ်မှတ်ထားသော ကျောက်စိမ်းတွဲ ပြသရောင်းချမည်ဖြစ်သည်။ အဆိုပါ ကျောက်စိမ်းတွဲကို Imperial Jade Rough ဟု အမည်ပေးထားပြီး ကျောက်စိမ်းနှစ်ခြမ်း ပါဝင်မည်ဖြစ်ကာ အလေးချိန် (၁၇)ကီလိုဂရမ်ရှိသည်။

ထို့အပြင် ကြမ်းခင်းဈေး ယူရိုတစ်သိန်းကျော် သတ်မှတ်ထားသည့် ကျောက်စိမ်းတွဲများလည်း ပါဝင်မည်ဖြစ်သည်။ ကျောက်မျက်အတွဲများတွင် ကြမ်းခင်းဈေး ယူရို (၃၃၅၀၀၀) သတ်မှတ်ထားသည့် (၆၆ဒသမ၈၃)ကရက်ရှိ နီလာပွတ်ချောတစ်ပွင့်မှာ တန်ဖိုးအကြီးဆုံးဖြစ်ပြီး ကြမ်းခင်းဈေး ယူရိုသိန်းချီ သတ်မှတ်ထားသည့် ပတ္တမြားနှင့် နီလာများလည်း ပြသရောင်းချမည်ဖြစ်သည်။

အဆိုပါ ကျောက်စိမ်း၊ ကျောက်မျက်များကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချမည်ဖြစ်ပြီး ကျောက်စိမ်းတွဲများအား အခြေခံဈေး ယူရို (၅၀၀၀)၊ ကျောက်မျက်တွဲများအား အခြေခံဈေး ယူရို(၅၀၀)နှင့် ကျောက်စိမ်းအချောထည်များအတွက် အခြေခံဈေး ယူရို(၁၀၀၀)သတ်မှတ်ထားသည်။

ကျောက်မျက်တွဲများအား စက်တင်ဘာ(၁၉)မှ (၁၉)ရက်အတွင်း ရောင်းချမည်ဖြစ်ပြီး ကျောက်စိမ်းတွဲများကို စက်တင်ဘာ(၁၆)မှ (၂၅)ရက်အထိ ပြသရောင်းချမည်ဖြစ်ကြောင်း မြန်ာ့ကျောက်မျက်ရတနာပြပွဲ ဗဟိုကော်မတီမှ သတင်းထုတ်ပြန်ထားသည်။

၂၀၁၈ဇွန်လအတွင်းက ကျင်းပခဲ့သည့် (၅၅)ကြိမ်မြောက် ကျောက်မျက်ပြပွဲတွင် တန်ဖိုးဈေးအမြင့်ဆုံးအဖြစ် ကြမ်းခင်းဈေး ယူရို (၁၅)သန်း သတ်မှတ်ထားသည့် ကျောက်စိမ်းတွဲ ပြသရောင်းချဖူးကြောင်း မန္တလေးမြို့ခံ ကျောက်မျက်လုပ်ငန်းရှင်များက ပြောသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဗဟိုကော်မတီသည် ကျောက်စိမ်းကျောက်မျက် ရောင်းချပွဲများကို နေပြည်တော်တွင် နှစ်စဉ်ကျင်းပလေ့ရှိပြီး ယခုနှစ်အတွင်း ကျောက်မျက်ပြပွဲ နှစ်ကြိမ်ကျင်းပခဲ့ပြီးဖြစ်သည်။ ကျောက်မျက်ပြပွဲ ကျင်းပရာတွင် ပြည်တွင်း၊ပြည်ပ ရတနာကုန်သည်များ တက်ရောက်ဝယ်ယူခွင့်ရှိသည့် ယူရိုငွေဖြင့် ရောင်းချသည့် ကျောက်မျက်ပြပွဲနှင့် ပြည်တွင်းကုန်သည်များအတွက် သီးသန့်ရောင်းချသည့် ကျပ်ငွေဖြင့် ရောင်းချသည့် ကျောက်မျက်ပြပွဲဟူ၍ ခွဲခြားကျင်းပသည်။

ပြီးခဲ့သည့် မတ်လ(၁၁)ရက်မှ (၂၀)ရက်အထိ ယူရိုငွေဖြင့် ပြသရောင်းချခဲ့သည့် (၅၆)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲတွင် ပုလဲ၊ ကျောက်မျက်နှင့် ကျောက်စိမ်းတွဲ ရောင်းရငွေ ယူရို(၄၇၆)သန်းကျော် ရရှိခဲ့ပြီး  ဇွန်လ(၈)ရက်မှ(၁၃)ရက်အထိ ကျင်းပခဲ့သည့် ကျပ်ငွေဖြင့် ရောင်းချခဲ့သည့်ပြပွဲတွင် ကျောက်မျက်၊ ကျောက်စိမ်း ရောင်းရငွေ ကျပ်သန်း(၆၀၀၀၀)ကျော် ရရှိခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။

နှစ်လည်မြန်မာ့ကျောက်မျက်ရတနာပြပွဲတွင် ပြသရောင်းချမည့် တန်ဖိုးအကြီးဆုံး ကျောက်စိမ်း၊ ကျောက်မျက်များ။ ဓါတ်ပုံ – မြန်မာ့ကျောက်မျက်။

#Mandalay_Indepth_News

.

Leave a Reply

Your email address will not be published. Required fields are marked *