အာဖရိကဝက်အပြင်းဖျားရောဂါ ကူးစက်မူမရှိစေရေး မန္တလေးလေဆိပ်တွင် ခရီးသည်များနှင့် အစားအသောက်များကို ကြပ်မတ်စစ်ဆေး

ထက်အောင်၊ ဧပြီ-၅

အာဖရိကဝက်အပြင်းဖျားရောဂါ မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်ကူးစက်မူမရှိစေရေး ကြိုတင်ကာကွယ်သည့်အနေဖြင့် မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်(တံတားဦး)သို့ ဝင်ရောက်လာသော ခရီးသွားဧည့်သည်များနှင့် အစားအသောက်များကို ကြပ်မတ်စစ်ဆေးကာ ဝက်နှင့်ဝက်ထွက်ပစ္စည်း သယ်ယူလာမူများ တွေ့ရှိပါက သိမ်းဆည်းဖျက်ဆီးလျှက်ရှိသည်ဟု စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ သတင်းရရှိသည်။

အာဖရိက ဝက်အပြင်းဖျားရောဂါသည် မြန်မာ့အိမ်နီးချင်းနိုင်ငံများဖြစ်သည့် တရုတ်၊ ကမ္ဘောဒီးယားအပါအဝင် ဗီယက်နမ်နှင့် မွန်ဂိုးလီးယားနိုင်ငံတို့တွင် ဖြစ်ပွားလက်ရှိသည်။ အဆိုပါရောဂါသည် လူကို ကူးစက်ခြင်းမရှိသော်လည်း ဝက်အချင်းချင်းတွင် ကူးစက်မှုနှုန်းမြန်သည့် ရောဂါတစ်မျိုးဖြစ်ပြီး ကာကွယ်ထိန်းချုပ်နိုင်သည့် ဆေးဝါးမရှိသေးဘဲ ရောဂါဖြစ်ပွားသော နိုင်ငံများတွင် ဝက်အကောင်ရေများစွာ သေဆုံးလျှက်ရှိသည်။

တံတားဦးလေဆိပ်မှတဆင့် မန္တလေးသို့ ဝင်ရောက်လာသည့်  တရုတ်နိုင်ငံသား ခရီးသည်များသည် ဝက်သားများနှင့် ဝက်သားနှင့်ပြုလုပ်ထားသော စားသောက်ဖွယ်ရာများကို သယ်ဆောင်လာလေ့ရှိပြီး အဆိုပါအစားသောက်များနှင့်အတူ ရောဂါပိုးများ ပါဝင်လာမူမရှိစေရေး လေဆိပ်တွင် ကြပ်မတ်စစ်ဆေးခြင်းနှင့် အစားအသောက်များကို သိမ်းဆည်းကာ ဓာတ်ခွဲစမ်းသပ်၍ မီးရှို့ဖျက်ဆီးခြင်းများ လုပ်ဆောင်နေကြောင်း  မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ တိရစ္ဆာန်ရောဂါရှာဖွေရေးဓါတ်ခွဲခန်း (မန္တလေး)မှ သုတေသနအရာရှိ ဒေါက်တာညိုညိုဦးက ပြောသည်။

“ဌာနက ထုတ်ပြန်ထားတယ်။ ဝက်နဲ့ဝက်ထွက်ပစ္စည်းတွေ  မြန်မာနိုင်ငံအတွင်းကို တင်သွင်းလာတာ၊ ရောင်းချလာတာတွေကို တားမြစ်ပိတ်ပင်ထားတယ်။ ပါလာတာတွေ့ရင် သိမ်းဆည်းတယ်၊ ဓာတ်ခွဲခန်းဘက်မှာ နမူနာပစ္စည်းယူပြီး မီးရှို့ဖျက်ဆီးပစ်လိုက်ပါတယ်”ဟု ဒေါက်တာညိုညိုဦးက ပြောသည်။

မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ထိုသို့ ကြပ်မတ်စစ်ဆေးခြင်းကို ဖေဖော်ဝါရီလကတည်းက လုပ်ဆောင်နေခြင်းဖြစ်ပြီး သတိပေးဆိုင်းဘုတ်များလည်း စိုက်ထူထားသည်ဟု ဆိုသည်။

ခရီးသည်များက ဝက်သားနှင့် ဝက်သားပါဝင်သော အစားအသောက်များ သယ်ဆောင်လာသည်ကို စစ်ဆေးတွေ့ရှိသော်လည်း ရောဂါပိုးနှင့်ပက်သက်၍ တစ်စုံတစ်ရာ မတွေ့ရသေးကြောင်း ဒေါက်တာညိုညိုဦးက ပြောသည်။

ကမ္ဘာ့ကုလသမဂ္ဂ  စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO)၏ ထုတ်ပြန်ချက်များအရ အာဖရိက ဝက်အပြင်းဖျားရောဂါသည် တရုတ်နိုင်ငံတွင် စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ၂၀၁၈ သြဂုတ်လဆန်းမှ ၂၀၁၉ ဖေဖော်ဝါရီလကုန်ပိုင်းအထိ (၇)လအတွင်း တရုတ်နိုင်ငံရှိ ပြည်နယ်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် မြူနီစီပယ်စီရင်စုစသည့် ဒေသ ၂၇ ခုတွင် အာဖရိကဝက်အပျင်းဖျားရောဂါ ပြန့်နှံ့ဖြစ်ပွားခဲ့ပြီး ဝက်ကောင်ရေ ကိုးသိန်းကျော် သုတ်သင်ရှင်းလင်းခဲ့ရသည်။

အဆိုပါရောဂါသည် ၂၀၁၉ နှစ်ဆန်းပိုင်းတွင် တရုတ်နိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများဖြစ်သည့် မွန်ဂိုလီးယားနှင့် ဗီယက်နမ်နိုင်ငံများသို့ ကူးစက်ခဲ့သလို ပြီးခဲ့သည့် မတ်လအတွင်း ဗီယက်နမ်-ကမ္ဘောဒီးယားနယ်စပ်တွင်လည်း  အာဖရိကဝက်အပြင်းဖျားရောဂါ ဖြစ်ပွားခဲ့သည်ဟု မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်က ထုတ်ပြန်ထားသည်။

တရုတ်နိုင်ငံတွင်း အဆိုပါရောဂါ ဖြစ်ပွားရသည့်အကြောင်းအရင်းအား စစ်ဆေးရာ အများစုမှာ ဝက်များကို စွန့်ပစ်အစာများ ကျွေးမွေးရာမှ ရောဂါကူးစက်ခြင်းဖြစ်ဟု ဆိုသည်။

မန္တလေး တံတားဦးလေဆိပ်တွင် ခရီးသည်များ သယ်ယူလာသည့် ဝက်သားနှင့်အစားအသောက်များကို ကြပ်မတ်စစ်ဆေးကာ မီးရှို့ဖျက်ဆီးလျှက်ရှိသည်။ (ဓါတ်ပုံ – တိရစ္ဆာန်ရောဂါရှာဖွေရေးဓါတ်ခွဲခန်း (မန္တလေး) )

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်