လွယ်ဂျယ်မှ တင်ပို့လာမည့် ကျွဲ၊နွားများကို တစ်ကောင်လျှင် ကျပ်(၁)သိန်းနှုန်း ပိုပေးမည်ဟု တရုတ်ကုမ္ပဏီ ကမ်းလှမ်း

ထက်အောင်၊ ဧပြီ-၈

လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေး စခန်းမှတဆင့် တင်ပို့လာမည့် ကျွဲ၊နွားများကို မူဆယ်ဈေးနှုန်းထက် တစ်ကောင်လျှင် ကျပ်တစ်သိန်း ဈေးပိုပေးဝယ်ယူမည်ဟု တရုတ်ကုမ္ပဏီတစ်ခုက ကမ်းလှမ်းထားကြောင်း မန္တလေးတိုင်းဒေသကြီး ကျွဲ၊နွားတင်ပို့ရောင်းချသူများအသင်း ဥက္ကဌ ဦးစိုးနိုင်ကပြောသည်။

မူဆယ်နယ်စပ် ကျွဲ၊နွားဈေးကွက်မှာ ပြီးခဲ့သည့် ဖေဖေါ်ဝါရီလကတည်းက အရောင်းအဝယ်ရပ်တန့်နေသည့်အတွက် တရုတ်သို့ ကျွဲ၊နွားများတင်ပို့ရာတွင် ဗန်းမော်-လွယ်ဂျယ်လမ်းကြောင်း၊ လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေးစခန်းမှ တင်ပိုရောင်းချခွင့်ရရန် ပြည်တွင်းကုန်သည်များက စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနထံ မတ်လလယ်က စာတင် တောင်းဆိုထားသည်။

ဝန်ကြီးဌာနမှ အတိအကျအကြောင်းမပြန်သေးသော်လည်း လွယ်ဂျယ်စခန်းမှ တင်ပို့လာမည့် ကျွဲ၊နွားများကို ဈေးပိုပေးဝယ်ယူရန် တရုတ်ကုမ္ပဏီတစ်ခုက ကမ်းလှမ်းနေခြင်းဖြစ်သည်ဟု ဦးစိုးနိုင်က ပြောသည်။

“ဒီဘက်ကတင်ပို့မယ်ဆိုရင် ကုမ္ပဏီတစ်ခုက ဝယ်ချင်တယ်။ ဝယ်လိုအားလည်းများတယ်။ မူဆယ်မှာ ၁၅သိန်းဈေးရတဲ့နွားကို သူတို့က ၁သိန်းပိုပေးမယ်လို့ ကမ်းလှမ်းတယ်။ ဒီဘက်က အသင်းအနေနဲ့ကလည်း သေချာညှိုနှိုင်းမှုတွေ လုပ်နေတယ်။ အစိုးရအဖွဲ့တာဝန်ရှိ ဝန်ကြီးဌာနကလည်း တင်ပို့ခွင့်ရအောင် စီစဉ်ပေးနေတယ်လို့ သိရတယ်”ဟု ၎င်းက ဆိုသည်။

မူဆယ်နယ်စပ် ကုန်သွယ်ရေးဇုန်မှတဆင့် တရုတ်နိုင်ငံသို ကျွဲ၊နွားများ စတင်တင်ပို့သည့် ၂၀၁၇စက်တင်ဘာမှ ၂၀၁၈နှစ်ကုန်ပိုင်းထိ ဈေးကောင်းရရှိခဲ့သော်လည်း ၂၀၁၈ဒီဇင်ဘာမှ စတင်ကာ ကျွဲ၊နွားများ ဈေးနှိမ်ခံရသည်။ လက်ရှိမူဆယ်တွင် ကျွဲ၊နွား အကောင်ရေ ငါးထောင်ခန့် ရောင်းမထွက်သေးဘဲ သောင်တင်နေသလို ပြည်တွင်းပေါက်ဈေးထက်ပင် ဈေးလျှော့ရောင်းနေရသည်ဟု ကုန်သည်များက ပြောသည်။

လွယ်ဂျယ်လမ်းကြောင်းမှ ကျွဲ၊နွားတင်ပို့ရာတွင် မူဆယ်တွင် ကြုံတွေ့ခဲ့ရသည့် ဈေးနှိမ်ခံရမှုမျိုး မဖြစ်ပေါ်စေရေး စနစ်တကျ လုပ်ဆောင်မည်ဟု ဦးစိုးနိုင်က ပြောသည်။ ထို့အတွက် ကျွဲ၊နွားများ ဈေးပိုပေးဝယ်ယူရန် ကမ်းလှမ်းသည့် တရုတ်ကုမ္မဏီနှင့် မတ်၂၇ရက်က တွေ့ဆုံဆွေးနွေးခဲ့သလို သြင်္ကန်ကာလပြီး ယခုလ၂၇ရက်တွင်လည်း ပြည်တွင်းကုန်သည်များ လွယ်ဂျယ်နယ်စပ်သို့ သွားရောက်ကာ လေ့လာဆွေးနွေးမှုများ ဆက်လက်လုပ်ဆောင်မည်ဟု ဆိုသည်။

သြင်္ကန်ကာလအပြီးတွင်  လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေးစခန်းမှတဆင့် ကျွဲ၊နွားများ တင်ပို့ရောင်းချခွင့်ရရန် မျှော်လင့်ကြောင်း ပြည်တွင်းကုန်သည်များက ပြောသည်။ မူဆယ်နယ်စပ် ကျွဲ၊နွားဈေးတစ်ခု (ဓါတ်ပုံ – ကျွဲ၊နွားမွေးမြူ တင်ပို့ရောင်းချသူများအသင်း

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်