မန္တလေးမြို့ မြဝတီမင်းကျောင်းဆရာတော်အား အရေးယူပေးရန် တပ်မတော်အရာရှိတစ်ဦးက တရားရုံးသို့ ဦးတိုက်လျှောက်ထား

မောင်မင်းမော် ၊ စက်တင်ဘာ-၁၁

တပ်မတော်အား ဂုဏ်သိက္ခာကျဆင်းအောင် ပြောဆိုသည်ဟုဆိုကာ မန္တလေးမြို့ မြဝတီမင်းကြီးကျောင်းတိုက် ဆရာတော်အား အရေးယူပေးရန် တပ်မတော်အရာရှိတစ်ဦးက ပြည်ကြီးတံခွန်မြို့နယ်တရားရုံးသို့ ဦးတိုက်လျောက်ထားကြောင်း သတင်းရရှိသည်။

သတင်းမီဒီယာတစ်ခုနှင့် အင်တာဗျူးဖြေဆိုရာတွင် တပ်မတော်၏ ဂုဏ်သိက္ခာကျဆင်းစေသည့် စကားအသုံးအနှုံးများ ပြောဆိုသည့်အတွက် ဥပဒေအရ အရေးယူပေးရန် မန္တလေးမြို့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှ တပ်မတော်အရာရှိတစ်ဦးက  ပြည်ကြီးတံခွန်တရားရုံးသို့ ဦးတိုက်လျောက်ထားခြင်းဖြစ်ပြီး စက်တင်ဘာ (၁၀)ရက်တွင် ပြည်ကြီးတံခွန်မြို့နယ်ရဲစခန်းမှ တာဝန်ရှိသူများ လာရောက်တွေ့ဆုံကာ အသိပေးမေးမြန်းသွားသည်ဟု မြဝတီမင်းကြီးကျောင်းတိုက်ဆရာတော် အရှင်အရိယဝံသာဘိဝံသက မိန့်သည်။

”သူတို့က စွပ်စွဲတာက တပ်သားတွေကို တာဝန်ထမ်းလိုစိတ် ပျက်ပြားအောင်ဆိုတဲ့ ပုဒ်မမျိုးပေါ့။ ပြီးတော့ သူတို့ရဲ့ ဂုဏ်သိက္ခာ ညှိုးနွမ်းအောင်ဆိုတဲ့ ရည်ရွယ်ချက်မျိုးနဲ့ပေါ့။ ဘုန်းကြီးကတော့ ငြင်းပယ်လိုက်တယ်။ ဓမ္မလမ်းကြောင်းကပဲ ဓမ္မဘောင်အတွင်းကပဲ ပြောတာလို့ ငြင်းပယ်လိုက်တယ်”ဟု ဆရာတော်က မိန့်သည်။

မြဝတီမင်းကြီးကျောင်းတိုက်ဆရာတော် အရှင်အရိယဝံသာဘိဝံသအား အရေးယူပေးရန် တပ်မတော်အရာရှိတစ်ဦးမှ တရားရုံးသို့ ဦးတိုက်လျှောက်ထားမူနှင့် ရဲတပ်ဖွဲ့မှ ဆရာတော်ထံ သွာရောက်လျှောက်ထား မေးမြန်းခဲ့မူများနှင့် ပတ်သက်၍ Mandalay In-depth News အနေဖြင့် ရဲတပ်ဖွဲ့ထံ ဆက်သွယ်မေးမြန်းနိုင်ရန် ကြိုးစားနေဆဲဖြစ်သည်။

ပြီးခဲ့သည့် မေလအတွင်းကလည်း တပ်မတော်အား ဝေဖန်သည့် စာများ လူမူကွန်ယက်တွင် ရေးသားခဲ့သည်ဟုဆိုကာ မန္တလေးမြို့တွင် သီတင်းသုံးနေထိုင်သည့် ရွှေဝါရောင် ဆရာတော် ဦးစိန္တိတအား အရေးယူပေးရန် တပ်မတော်အရာရှိတစ်ဦးက ပြည်ကြီးတံခွန်မြို့နယ် တရားရုံးသို့ ဦးတိုက်လျှောက်ထားခဲ့သေးသည်။ အဆိုပါ ဦးတိုက်လျှောက်ထားမူနှင့်ပတ်သက်၍ ဇူလိုင်လတွင်  မြို့နယ်တရားရုံးမှ အမူကို ပလပ်ခဲ့သည်။

မြဝတီမင်းကြီးကျောင်းတိုက် ဆရာတော် အရှင်အရိယဝံသာဘိဝံသ။ ဓါတ်ပုံ – အရှင်အရိယဝံသာဘိဝံသ FB.

Leave a Reply

Your email address will not be published. Required fields are marked *