မန္တလေးဆေးကျောင်းဘေး ညအချိန် ဓါးရှယ်လွယ်ကာ သွားလာသူ လက်နက်မူဖြင့် ထောင်ဒဏ်(၂)နှစ် ချမှတ်ခံရ

တေဇ၊ ဇွန်-၁၇

မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် ဆေးတက္ကသိုလ်ကျောင်းအနီး ညအချိန် ဓါးရှယ်လွယ်ကာ ဆိုင်ကယ်ဖြင့် သွားလာနေသူ လက်နက်မူဖြင့် ထောင်ဒဏ်(၂)နှစ် ချမှတ်ခံရသည်။

မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် စိတ္တရမဟီရပ်ကွက်နေ အမျိုးသားတစ်ဦးသည် မေ(၁၈)ရက် ည(၉)နာရီကျော်အချိန်က ဓါးရှည်လွယ်ကာ ဆိုင်ကယ်ဖြင့် သွားလာနေချိန် လမ်း၃၀နှင့် ၇၃လမ်းအနီးတွင် မူခင်းကျဆင်းရေးစီမံချက်လုပ်ဆောင်နေသော အရပ်ဝတ်အသွင်ယူ ရဲတပ်ဖွဲ့ဝင်များနှင့် တွေ့ဆုံကာ ဖမ်းဆီးခံခဲ့ရသည်။

အဆိုပါ အမျိုးသားကို မန္တလေးမြို့ အမှတ်(၈)ရဲစခန်းတွင် ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး လက်နက်မူ ၁၉(င)ဖြင့် အမူဖွင့်ကာ မြို့နယ်တရားရုံးတွင် တရားစွဲဆိုခဲ့သည်။ ယင်းအမူကို မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်တရားရုံးက လက်ခံစစ်ဆေးခဲ့ပြီး လက်နက်ဥပဒေ ပုဒ်မ ၁၉(င)အရ ပြစ်မူကျူးလွန်ကြောင်း ထင်ရှားသဖြင့် အလုပ်နှင့်ထောင်ဒဏ် (၂)နှစ် ပြစ်ဒဏ်ချမှတ်ကြောင်း ဇွန်(၁၀)ရက်တွင် အမိန့်ချမှတ်ခဲ့သည်။

၁၈၉၈ခုနှစ် လက်နက်အက်ဥပဒေ ပုဒ်မ၁၉(င)သည် ပြစ်မူကျးလွန်ကြောင်း ထင်ရှားလျှင် အမြင့်ဆုံးပြစ်ဒဏ်အဖြစ် ထောင်ဒဏ်(၃)ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ပြစ်ဒဏ်ချမှတ်နိုင်သည်။

ယခုကဲ့သို့ ညအချိန် လက်နက်ကိုင်ဆောင် သွားလာသူကို ထောင်ဒဏ်(၂)နှစ်ချမှတ်ခြင်းမှာ မူခင်းကျဆင်းရေးနှင့် အခြားသူများ အလားတူပြစ်မူမျိုး ထပ်မံမကျူးလွန်စေရေး အဟန့်အတားဖြစ်စေရန်  ပြစ်ဒဏ်ချမှတ်ခြင်းဖြစ်နိုင်ကြောင်း မန္တလေးမြို့ခံ ရှေ့နေတစ်ဦးက သုံးသပ်သည်။

မန္တလေးတိုင်းရဲတပ်ဖွဲ့အနေဖြင့် မန္တလေးခရိုင်အတွင်း မူခင်းကျဆင်းရေးအတွက် မေလဆန်းမှစတင်ကာ စီမံချက်ချမှတ် လုပ်ဆောင်နေပြီး အထူးအဖွဲ့(၄)ဖွဲ့ဖြင့် လှည့်ကင်း၊ ပတ်ကင်းများ ဆောင်ရွက်နေသလို အသွင်ယူစုံစမ်း ဖမ်းဆီးခြင်းများ လုပ်ဆောင်ခဲ့လျှက်ရှိကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ်စိန်လွင်က ပြောသည်။

ရဲတပ်ဖွဲ့ဝင်များ ညအချိန် အသွင်ယူဖမ်းဆီးရာတွင်လည်း ခုခံသူ၊ ပြန်လည်ရန်ပြုသူများရှိပါက ပစ်ခတ်ဖမ်းဆီးရန် ညွှန်ကြားထားပြီး သေနတ်များ ထုတ်ပေးထားသည်ဟု ၎င်းက ဆိုသည်။

ပြီးခဲ့သည့် မေလ(၁၈)ရက်က မန္တလေးကျုံးအရှေ့ခြမ်း၊ ၆၆လမ်း နှင့် ၁၄လမ်းထောင့်တွင် ညအချိန် ဓါးကိုင်ရမ်းကားနေသည့် အမျိုးသားတစ်ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးစဉ် ပြန်လည်ခုခံသဖြင့် ပစ်ခတ်ဖမ်းဆီးရာ သေဆုံးခဲ့သည်။

မန္တလေးခရိုင်အတွင်း မူခင်းကျဆင်းရေးစီမံချက်ချ ဆောင်ရွက်စဉ် မေ(၅)ရက်မှ (၃၀)ရက်အတွင်း  အမျိုးသမီး(၁၉)ဦးအပါအဝင် ဥပဒေချိုးဖောက်သူ(၃၇၂)ဦး ဖမ်းဆီးနိုင်ခဲ့ပြီး  ၎င်းတို့ကို ရဲအက်ဥပဒေ၊ လက်နက်မူ၊ ခိုးမူများဖြင့် အမူဖွင့်အရေးယူခဲ့ကြောင်း တိုင်းရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။

လက်နက်မူဖြင့် ထောင်ဒဏ်(၂)နှစ်ချမှတ်ခံရသူကို အရပ်သားအသွင်ယူ ရဲတပ်ဖွဲ့ဝင်များက ဝိုင်းဝန်းဖမ်းဆီးစဉ်။ ဓါတ်ပုံ – Pwint Phyu Ko Ko FB.

Leave a Reply

Your email address will not be published. Required fields are marked *