မန္တလေးသို့ တရုတ်ခရီးသွားဧည့်သည် ဝင်ရောက်မူ (၁၀)ဆနီးပါးမြင့်တက်

ပါရမီဆန်း၊ ဇူလိုင်-၈

မန္တလေးမြို့ တံတားဦးအပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ တရုတ်နိုင်ငံသား ကမ္ဘာလှည့်ခရီးသွားဧည့်သည် ဝင်ရောက်မူနှုန်း ယခင်နှစ်အလားတူကာလထက် (၁၀)ဆနီးပါး မြင့်တက်လာကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်သည်။

၂၀၁၈ဇွန်လက မန္တလေးလေဆိပ်သို့ ဝင်ရောက်လာသည့် တရုတ်နိုင်ငံသား ကမ္ဘာလှည့်ခရီးသွားဦးရေ (၃၅၀၀)ကျော်သာ ရှိခဲ့ရာမှ ယခုနှစ် ဇွန်လတွင် တရုတ်နိုင်ငံသား ခရီးသွားဧည့်သည် (၂၄၃၀၀)ကျော်အထိ မြင့်တက်လာသည်ဟု ဇူလိုင်(၆)ရက်နေ့ထုတ် ကြေးမုံသတင်းစာတွင် ဖော်ပြထားသည်။ ထို့အပြင် လုပ်ငန်းသဘောအရ မန္တလေးသို့ လာရောက်သည့် တရုတ်နိုင်ငံသား အရေအတွက်မှာလည်း မြင့်တက်လာပြီး ၂၀၁၈ဇွန်လတွင် (၂၇၀၀)ကျော်သာ ရှိခဲ့ရာမှ ယခုနှစ်ဇွန်လတွင် (၃၇၀၀)ကျော်အထိ ရှိခဲ့သည်။

ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး အရှေ့မျှော်ဝါဒ ကျင့်သုံးနေသော မြန်မာနိုင်ငံအနေဖြင့် အာရှနိုင်ငံများမှ ကမ္ဘာလှည့်ခရီးသွားဧည့်သည်များ မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်မူမြင့်တက်စေရန် ၂၀၁၈ အောက်တိုဘာမှ စတင်ကာ ဂျပန်၊ ကိုရီးယား၊ ဟောင်ကောင်၊ မကာအိုစသည့် နိုင်ငံများကို ဗီဇာကင်းလွတ်ခွင့်ပြုခဲ့ပြီး တရုတ်နိုင်ငံသားများကို ဆိုက်ရောက်ဗီဇာများ ထုတ်ပေးခဲ့သည်။

ဗီဇာစည်းကမ်းများ ဖြေလျှော့ပေးခဲ့ပြီးနောက်ပိုင်း မန္တလေးမြို့သို့ တရုတ်နိုင်ငံသား ခရီးသွားဧည့်သည် ဝင်ရောက်လာမူ သိသိသာသာမြင့်တက်လာခြင်းဖြစ်သည်။ ထို့ပြင် ဗီဇာဖြေလျှောေ့ပးခဲ့ပြီးနောက်ပိုင်း မန္တလေးမြို့ တံတားဦးအပြည်ပြည်ဆိုင်ရာ လေဆိပ်နှင့် တရုတ်နိုင်ငံကြား တိုက်ရိုက်ချိတ်ဆက်ပျံသန်းသည့် လေကြောင်းလိုင်းများလည်း ပိုမိုများပြားလာသည်။

သို့သော် တရုတ်ခရီးသွားဧည့်သည် ဝင်ရောက်မူ မြင့်တက်လာသော်လည်း Zero Budget Tourism ခေါ် ငွေထုတ်မသုံးသည့် တရုတ်ခရီးသွားများလည်း မန္တလေးသို့ လာရောက်လည်ပတ်မူ များပြားလာကြောင်း မန္တလေးဒေသခံ ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်နေသူများက ပြောသည်။ Zero Budget Tourism ခေါ် ငွေထုတ်မသုံးသည့် တရုတ်ခရီးသွားဧည့်သည်များ ဝင်ရောက်မူများပြားနေခြင်းက ဒေသခံများနှင့် မြန်မာနိုင်ငံအတွက် အကျိုးအမြတ် ရရှိမူနည်းပါးသလို မြန်မာ့ခရီးသွားလုပ်ငန်း၏ ပုံရိပ်ကိုပါ ကျဆင်းစေနိုင်ကြောင်း ဝေဖန်မူများ ရှိနေသည်။

ထို့အတွက် အစိုးရအနေဖြင့် ပြီးခဲ့သည့် လကုန်ပိုင်းမှ စတင်ကာ ရန်ကုန်၊ မန္တလေးနှင့် ပုဂံဒေသများတွင် တရုတ်ခရီးသွားများ စောင့်ကြည့်လေ့လာ သုံးသပ်တင်ပြရေးအဖွဲ့များကို ဖွဲ့စည်းခဲ့သည်။ အဆိုပါအဖွဲ့များတွင် ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမူ ဦးစီးဌာန ဦးဆောင်၍ ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်နေသူများ ပါဝင်ကာ ယင်းအဖွဲ့များက တရုတ်ခရီးသွားဧည့်သည်များနှင့် ဆက်စပ်၍ လိုအပ်သည့် ဥပဒေ၊ မူဝါဒများ ပြင်ဆင်ချမှတ်နိုင်ရန် သက်ဆိုင်ရာ ဝန်ကြီးဌာနသို့ လစဉ် အစီရင်ခံ တင်ပြရမည်ဖြစ်သည်။

အမရပူရမြို့ မဟာဂန္ဓာရုံကျောင်းတိုက်သို့ လာရောက်လည်ပါတ်နေသည့် တရုတ်ခရီးသွားဧည့်သည်များ။ ဓါတ်ပုံ – မင်းမော်။

.

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်