မန္တလေးတက္ကသိုလ် ကျောင်းသားဆန္ဒပြမူ ဒု-ဝန်ကြီး၊ ပါချုပ်နှင့် ကျောင်းသားများ သုံးပွင့်ဆိုင် တွေ့ဆုံ၊ တွေ့ဆုံမူ အဆင်ပြေသော်လည်း ဆက်လက်သပိတ်မှောက်မည်ဟု ကျောင်းသားများဆို

ကိုနေကို၊ စက်တင်ဘာ-၇

မန္တလေးတက္ကသိုလ်အတွင်း ကျောင်းသားများ သပိတ်မှောက်တောင်းဆိုနေမူနှင့် ပတ်သက်၍ စက်တင်ဘာ(၇)ရက်တွင် ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးဆောင်သည့် ဌာနဆိုင်ရာ စုံစမ်းစစ်ဆေးရေးအဖွဲ့၊ မန္တလေးတက္ကသိုလ်ပါမောက္ခချုပ်နှင့် ကျောင်းအုပ်ချုပ်ရေးအဖွဲ့နှင့် သပိတ်မှောက်ကျောင်းသားများ သုံးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးခဲ့ရာ အဆင်ပြေမူ ရှိကြောင်း ဒု-ဝန်ကြီး ဦးဝင်းမော်ထွန်းက ပြောသည်။

ပညာရေးဝန်ကြီးဌာန ဒု-ဝန်ကြီး ဦးဝင်းမော်ထွန်း ဦးဆောင်သည့် ဌာနဆိုင်ရာ စုံစမ်းစစ်ဆေးရေးအဖွဲ့သည် စက်တင်ဘာ(၇)ရက် နံနက်(၉)နာရီခန့်မှစတင်ကာ ညနေ(၅)နာရီကျော်အထိ မန္တလေးတက္ကသိုလ် ပင်မဆောင်အတွင်း သပိတ်မှောက်ကျောင်းသားများ၊ မန္တလေးတက္ကသိုလ် ပါမောက္ခချုပ်နှင့် ကျောင်းအုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့ခြင်းဖြစ်သည်။

“ကလေးတွေလိုချင်တာ အကုန်လုပ်ပေးထားတယ်။ ကျောင်းဆရာဆိုတာ ကလေးတွေအကြိုက် တသက်လုံးဒီလိုပဲ လုပ်ခဲ့ရတာပဲ။ အားလုံး ဥပဒေအတိုင်းပါ”ဟု တွေ့ဆုံမူ အဆင်ပြေခဲ့ကြောင်း စုံစမ်းစစ်ဆေးရေးအဖွဲ့ ဥက္ကဌ ဦးဝင်းမော်ထွန်းက ပြောသည်။

စုံစမ်းစစ်ဆေးရေးအဖွဲ့နှင့် တွေ့ဆုံဆွေးနွေးမူ အဆင်ပြေခဲ့သော်လည်း တောင်းဆိုချက်များ အပြည့်အ၀ မရသေးသည့်အတွက် ဆက်လက်သပိတ်မှောက်မည်ဖြစ်ကြောင်း သပိတ်မှောက်တောင်းဆိုရာတွင် ဦးဆောင်သူတစ်ဦးဖြစ်သည့် မန္တလေးတက္ကသိုလ် ကျောင်းသားများ သမဂ္ဂမှ မယမင်းသူက ပြောသည်။

စုံစမ်းစစ်ဆေးရေးအဖွဲ့နှင့် ယနေ့ တွေ့ဆုံမူတွင် ကျောင်းသားကိုယ်စားလှယ် ငါးဦးပါဝင်သလို မန္တလေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာသီတာဝင်းနှင့် ကျောင်းအုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူများ၊ မန္တလေးတက္ကသိုလ် ဆရာ၊ဆရာမများ သမဂ္ဂမှ တာဝန်ရှိသူများလည်း ပါဝင်ခဲ့ပြီး သပိတ်မှောက်ကျောင်းသားတစ်ဦးကို သက်သေအဖြစ် စစ်ဆေးခဲ့သည်ဟု ၎င်းက ဆိုသည်။

မန္တလေးတက္ကသိုလ်အတွင်းရှိ မြေဧရိယာ ပေ(၅၅×၁၄၀)တွင် Food Court ခေါ် ဈေးဆိုင်အဆောက်အဦး ဆောက်လုပ်ငှားရမ်းခဲ့ရာတွင် ပွင့်လင်းမြင်သာမူ မရှိဟုဆိုကာ မန္တလေးတက္ကသိုလ် ပါမောက္ခချုပ်နှင့် ကျောင်းအုပ်ချုပ်ရေးအဖွဲ့ကို စိစစ်အရေးယူပေးရန် မန္တလေးတက္ကသိုလ် ကျောင်းသားများ သမဂ္ဂမှ ကျောင်းသား၊ကျောင်းသူများက စက်တင်ဘာ(၂)ရက်မှစတင်ကာ သပိတ်စခန်းဖွင့် ဆန္ဒပြတောင်းဆိုနေခြင်းဖြစ်သည်။

အဆိုပါ သပိတ်မှောက်တောင်းဆိုမူနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးရန် စက်တင်ဘာ(၆)ရက်တွင် ပညာရေးဝန်ကြီးဌာန ဒု-ဝန်ကြီး ဦးဝင်းမော်ထွန်းကို ဥက္ကဌအဖြစ် တာဝန်ပေးအပ်ကာ အဖွဲ့ဝင်သုံးဦးပါ   ဌာနဆိုင်ရာ စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ပညာရေးဝန်ကြီးဌာနက ဖွဲ့စည်းခဲ့သည်။ အဆိုပါ ဌာနဆိုင်ရာ စုံစမ်းစစ်ဆေးရေးအဖွဲ့သည် လိုအပ်သည်များ တွေ့ဆုံစစ်ဆေးကာ အဖွဲ့၏ စစ်ဆေးတွေ့ရှိချက်၊ သုံးသပ်ချက်နှင့် သဘောထားဖော်ပြချက်များ ပါရှိသည့် အစီရင်ခံစာအမူတွဲကို စက်တင်ဘာ(၁၆)ရက်ထက် နောက်မကျဘဲ ပညာရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံးသို့ ပြန်လည်တင်ပြရမည်ဖြစ်သည်။

သပိတ်မှောက်တောင်းဆိုသည့် ကျောင်းသားများ၊ မန္တလေးတက္ကသိုလ် ပါမောက္ခချုပ် အပါအဝင် ကျောင်းအုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူများနှင့် တွေ့ဆုံကာ အဖွဲ့၏ တာဝန်အတိုင်း စုံစမ်းစစ်ဆေးခြင်းဖြစ်ကြောင်း ဒု-ဝန်ကြီး ဦးဝင်းမော်ထွန်းက ဆိုသည်။

“ဌာနဆိုင်ရာ စုံစမ်းစစ်ဆေးရေး ဒီထက်ကြီးတာ မရှိတော့ဘူး။ စုံစမ်းစစ်ဆေးရေး  လုပ်ငန်းမျာကို ဆက်လက်လုပ်ဆောင်သွားမည်”ဟု ဦးဝင်းမော်ထွန်းက ပြောသည်။

မန္တလေးတက္ကသိုလ်အတွင်း Food Court ခေါ် ဈေးဆိုင်အဆောက်အဦး ဆောက်လုပ်ငှားရမ်းခဲ့မူနှင့် ပတ်သက်၍ ကျောင်းအုပ်ချုပ်ရေးအဖွဲ့ကို စိစစ်အရေးယူပေးရန်၊ ပညာရေးဝန်ကြီးဌာနမှ စုံစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့ကာ စိစစ်အရေးယူပေးရန်၊ ကျောင်းတွင်းစီမံကိန်းများ ပွင့်လင်းစွာ ချပြပေးရန်နှင့် မန္တလေးတက္ကသိုလ် ပါမောက္ခချုပ် အလိုမရှိကြောင်း စသည့် အချက်(၅)ချက်ကို တောင်းဆိုကာ ကျောင်းသားများက သပိတ်မှောက် ဆန္ဒပြနေခြင်းဖြစ်သည်။

မန္တလေးတက္ကသိုလ် သပိတ်မှောက် ကျောင်းသားများနှင့် ပညာရေးဝန်ကြီးဌာန ဒု-ဝန်ကြီးဦးဆောင်သည့် စုံစမ်းစစ်ဆေးရေးအဖွဲ့ အဖွဲ့ဝင်များ တွေ့ဆုံစဉ်။ ဓါတ်ပုံ – နေကို၊အမ်တီ။

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်