မန္တလေးကို ဦးတိုက်လာတော့မည့် တရုတ်အမြန်ရထားလမ်းနှင့် ကြုံတွေ့ရမည့် ကောင်းကျိုးဆိုးပြစ်များ

မောင်တာ (Mandalay In-depth News)

ကနဦးတွက်ချက်မူများအရ မူဆယ်-မန္တလေး အမြန်ရထားလမ်းဖောက်လုပ်မူအတွက် ကုန်ကျစရိတ် အမေရိကန်ဒေါ်လာ (၈ဒသမ၉)ဘီလီယံခန့် ကုန်ကျမည်ဟု ၎င်းက ဆိုသည်။

“ပြည်သူလူထု အနည်းဆုံး ထိခိုက်မယ့်၊ ထိခိုက်နစ်နစ်နာမူ အနည်းဆုံးဖြစ်မယ့်လမ်းကို ရွေးမယ်။ ပြည်သူလူထု အနည်းဆုံးထိခိုက်ပြီး အများဆုံးအကျိုးရှိမယ့် လမ်းကို ရွေးမှာဖြစ်တယ်”ဟု ဦးဘမြင့်က ပြောသည်။

ရထားလမ်းအူကြောင်းရွေးချယ်ခြင်း၊ ကုန်ကျစရိတ်နှင့် အမြန်နှုန်းများ တွက်ချက်ခြင်းနှင့် မာစတာပလန်ရေးဆွဲခြင်းများ ယခုနှစ်ကုန်တွင် ပြီးစီးဖွယ်ရှိပြီး ရထားလမ်းဖောက်လုပ်ခြင်းလုပ်ငန်းများကိုမူ နိုင်ငံတကာ တင်ဒါခေါ်ယူကာ အစိုးရနှင့်ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်သည့်စနစ် (PPP)အနေဖြင့် အကောင်ထည်ဖော်ဖွယ်ရှိသည်ဟု ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန အမြဲတန်းအတွင်းဝန် ဦးဝင်းခန့်က ပြောသည်။

မူဆယ်-မန္တလေး အမြန်ရထားလမ်း ဖောက်လုပ်ရာတွင် ကုန်ကျမည့် ငွေကြေးပမာဏသည် ကျောက်ဖြူရေနက်ဆိပ်ကမ်း စီမံကိန်း တည်ဆောက်မည့် ကုန်ကျရိတ်ထက် ပိုမိုများပြားမည်ဖြစ်သည်။ ကျောက်ဖြူရေနက်ဆိပ်ကမ်း စီမံကိန်းတစ်ခုလုံးအတွက် ရင်းနှီးမြုပ်နှံမည့် ပမာဏသည် အမေရိကန်ဒေါ်လာ (၇ဒသမ၂)ဘီလီယံ ဖြစ်ပြီး ရေနက်ဆိပ်ကမ်းစီမံကိန်း ပထမအဆင့် တည်ဆောက်မူအတွက် ဒေါ်လာ(၁ဒသမ၃)ဘီလီယံသာ ရင်းနှီးမြုပ်နှံရန် တရုတ်-မြန်မာ နှစ်နိုင်ငံ သဘောတူညီထားသည်။

မူဆယ်-မန္တလေး အမြန်ရထားလမ်း စီမံကိန်းအတွက် ရင်းနှီးမြုပ်နှံမူ၊ ငွေကြေးထည့်ဝင်မူနှင့် စီမံခန့်ခွဲမူများနှင်ပတ်သက်၍ မည်သို့လုပ်ဆောင်မည်လဲဆိုသည်ကိုမူ မသိရှိသေးကြောင်း အစိုးရတာဝန်ရှိသူများက ပြောသည်။

မူဆယ်-မန္တလေးအမြန်ရထားလမ်းစီမံကိန်းအတွက် Master Plan ရေးဆွဲပြီးမှသာ ရင်းနှီးမြုပ်နှံမူနှင့် ငွေကြေးထည့်ဝင်မူအပိုင်းများ ဆက်လက်စီစဉ်ဆောင်ရွက်မည်ဖြစ်ပြီး စီမံကိန်းလုပ်ကိုင်ရန် နိုင်ငံတကာ တင်ဒါခေါ်ယူမည်ဟု CMEC တာဝန်ခံဝန်ကြီးဌာနဖြစ်သည့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန အမြဲတန်းအတွင်းဝန် ဦးထွန်းထွန်းနိုင်က ပြောသည်။

လက်ရှိတွင် စီမံကိန်းလုပ်ကိုင်ရန် ကနဦးအဆင့်လေ့လာနေဆဲသာဖြစ်ပြီး ရထားလမ်း စီမံခန့်ခွဲမူနှင့်ပတ်သက်၍ မည်သို့လုပ်ဆောင်မည်ကို မဆုံးဖြတ်ရသေးဟု ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန အမြဲတန်းအတွင်းဝန် ဦးဝင်းခန့်က ဆိုသည်။

မူဆယ်-မန္တလေး အမြန်ရထားလမ်းက မြန်မာအပေါ် ဘယ်လိုသက်ရောက်မလဲ။ ကောင်းကျိုး၊ဆိုးကျိုးတွေက ဘာတွေလဲ။

မူဆယ်-မန္တလေး အမြန်ရထားလမ်း ဖောက်လုပ်ခြင်းအပါအဝင် တရုတ်-မြန်မာစီးပွားရေးသြင်္ကန် စီမံကိန်းများကြောင့် နယ်စပ်ဖြတ် ကျော်ချိတ်ဆက်မှု တိုးတက်လာပြီး ကုန်သွယ်ရေး၊ ခရီးသွားကဏ္ဍ၊ ရင်းနှီးမြှုပ်နှံမှုနှင့် ပြည်သူများအကြား ထိတွေ့ဆက်ဆံမူများ ပိုမိုတိုးတက် အားကောင်းလာမည်ဟု  ဧပြီလအတွင်းက တရုတ်နိုင်ငံတွင် ကျင်းပခဲ့သည့် ရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်း ဒုတိယအကြိမ်ဖိုရမ်တွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

“တစ်ချိန်တည်းမှာ မိမိတို့အနေနဲ့ သတိထားရမှာကတော့ ကောင်းမွန်တဲ့ တိုးတက်မှုတွေနှင့်အတူ တရားမဝင်ရွှေ့ပြောင်းနေထိုင်ခြင်း၊ မူးယစ်နဲ့ လူကုန်ကူးမှုတွေကဲ့သို့သော ဆိုးကျိုးများပါ ဒွန်တွဲဖြစ်ပေါ်လာ လေ့ရှိတဲ့ အချက်ပဲဖြစ်ပါတယ်။ ချိတ်ဆက်မှုကြောင့် ရရှိလာတဲ့ တိုးတက်မှု ရလဒ်တွေကို ပိုမိုချဲ့ထွင်နိုင်ဖို့ လိုအပ်သကဲ့သို့ အခြားဖြစ်ပေါ်လာနိုင်တဲ့ လူမှုရေးနဲ့ ပတ်ဝန်းကျင်ဆိုင်ရာ မကောင်းသော အကျိုးဆက်တွေကိုလည်း နည်းပါးအောင် ဆောင်ရွက်ရန် လိုအပ်မှာဖြစ်ပါတယ်”ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

အမြန်ရထားလမ်းစီမံကိန်း ပြီးစီးပါက မန္တလေးမှ မူဆယ်သို့ (၃)နာရီအတွင်း ရောက်ရှိနိုင်မည်ဖြစ်ကာ ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းများ အလွန်ချောမွေ့လာလိမ့်မည်ဟု မူဆယ်ကုန်သည်ကြီးများအသင်း ဥက္ကဌ ဦးစိုင်းနွမ်က ပြောသည်။

သို့သော် မြန်မာကုန်သည်များမှာ အရင်းအနှီးနှင့်နည်းပညာ အားနည်းသည့်အတွက်  တရုတ်-မြန်မာ စီးပွားရေးစြင်္ကန်နှင့်အတူ ဝင်ရောက်လာမည့် လုပ်ငန်းကြီးများ၏ ဝါးမြိုခံရမည်ကို စိုးရိမ်သည်ဟု ၎င်းက ဆိုသည်။

“ကျွန်တော်တို့မှာက နည်းပညာရော၊ အရင်းအနှီးရော အကုန်အားနည်းနေသေးတယ်။ လုပ်ငန်းကြီးတွေဝင်လာရင် ဘယ်လိုမှ ယှဉ်ပြိုင်နိုင်မှာမဟုတ်ဘူး။ အကုန်ဝါးမြိုခံရမယ်။ အဲ့ဒီအတွက် ဘယ်လိုပြင်ဆင်ကြမလဲ”ဟု ဦးစိုင်းနွမ်းက မေးခွန်းထုတ်သည်။

မြန်မာ-တရုတ်နှစ်နိုင်ငံကြား နယ်စပ်ကုန်သွယ်မူပမာဏသည် နှစ်စဉ် အမေရိကန်ဒေါ်လာ သန်း(၅၀၀၀)ဝန်းကျင်ရှိပြီး ယင်းမှာ မြန်မာနိုင်ငံ ကုန်သွယ်မူပမာဏ စုစုပေါင်း၏ (၂၅)ရာခိုင်နှုန်းခန့် ဖြစ်သည်။ ဆန်၊ ပြောင်း၊ ဖရဲ၊သခွား၊ သရက်စသည့် မြန်မာနိုင်ငံ၏ လယ်ယာထွက်ကုန်အများစုကို တရုတ်နိုင်ငံသို့ တင်ပို့ပြီး တရုတ်နိုင်ငံထုတ် ဆောက်လုပ်ရေးပစ္စည်းများ၊ ဓါတ်မြေသြဇာနှင့် လူသုံးကုန်ပစ္စည်းများကို ပြန်လည်တင်သွင်းသည်။

တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေးအတွက် မန္တလေး-မူဆယ်ပြည်ထောင်စုလမ်းမကြီးခေါ် ကားလမ်းကိုသာ အဓိကထားအသုံးပြုနေရသည်။ မန္တလေးနှင့် မူဆယ်ကြား နေ့စဉ်ပြေးဆွဲနေသည့် ကားအစီးရေ ထောင်ချီရှိပြီး ယာဉ်မောင်းချိန်အနည်းဆုံး(၈)နာရီကြာမြင့်သည်။ မူဆယ်-မန္တလေး အမြန်ရထားလမ်း ဖောက်လုပ်ပြီးစီးပါက ကုန်စည်စီးဆင်းမူ လွယ်ကူမြန်ဆန်လာကာ မြန်မာတောင်သူလယ်သမားများနှင့် ကုန်သည်များအတွက် ကောင်းကျိုးရှိလာနိုင်သည်ဟု မူဆယ်နယ်စပ်ကုန်သည်များက ပြောသည်။

ရထားလမ်းစီမံကိန်းနှင့်ပတ်သက်၍ ကြုံတွေ့ရနိုင်သည့် စိန်ခေါ်မူနှင့် အခက်အခဲများ

မူဆယ်-မန္တလေး အမြန်ရထားလမ်းဖောက်လုပ်ပါက လမ်းကြောင်းတလျှောက်ရှိ ရှမ်းပြည်နယ်နှင့် မန္တလေးတိုင်းဒေသကြီးအတွင်းမှ မြေဧက အမြောက်အများ သိမ်းဆည်းရမည်ဖြစ်သည်။ ထို့အပြင် တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကြား တိုက်ပွဲဖြစ်ပွားနေသည့် နေရာဒေသများကိုလည်း ဖြတ်သန်းရမည်ဖြစ်သည်။

ရထားလမ်းဖောက်လုပ်ပါက လမ်းဘေးဝဲယာ အနည်းဆုံး ပေ(၁၀၀)ခန့် မြေသိမ်းယူရပြီး အဆိုပါ လိုအပ်သည့် လမ်းမြေနေရာ ရရှိရေးက မူဆယ်-မန္တလေးအမြန်ရထားလမ်း စီမံကိန်းအတွက် အကြီးဆုံးအခက်အခဲဖြစ်လာနိုင်သည်ဟု တိုင်းရင်းသားအရေး၊ နယ်စပ်ဒေသအရေး လေ့လာသူ ဦးမောင်မောင်စိုးက ပြောသည်။

“ရထားလမ်းတလျှောက် မိုင်ရာနဲ့ချီပြီးသိမ်းရင်တော့ ဒေသခံတွေနဲ့ မပြေလည်မူတွေရှိလာနိုင်တယ်။ မြေသိမ်းတဲ့အခါ ဒေသခံတွေ မနစ်နာအောင်၊ ဒေသခံတွေ စိတ်ကျေနပ်အောင် ဘာပြန်လုပ်ပေးမလဲဆိုတာကတော့ ရထားလမ်းဖောက်တဲ့အခါ အဓိကစိန်ခေါ်မူဖြစ်မယ်လို့ ယူဆပါတယ်”ဟု ဦးမောင်မောင်စိုးက ပြောသည်။

ထို့အပြင် ရထားလမ်းဖောက်လုပ်ရာတွင် ဒေသခံအလုပ်သမားများကို အသုံးပြုရေးမှာလည်း မူဆယ်-မန္တလေးရထားလမ်းဖောက်လုပ်ရာတွင် အရေးကြီးသည့်အချက်ဖြစ်သည်ဟု ၎င်းက ထောက်ပြသည်။ တရုတ်-မြန်မာ ရေနံနှင့် ဓါတ်ငွေ့ပိုက်လိုင်းစီမံကိန်း တည်ဆောက်ချိန်က ဒေသခံမြန်မာနိုင်ငံသား အနည်းငယ်သာ အလုပ်အကိုင်ရရှိခဲ့ပြီး ပိုက်လိုင်းတည်ဆောက်သည့်ကုမ္မဏီက တရုတ်နိုင်ငံသား အလုပ်သမားများကို အဓိကထား ခေါ်ယူအသုံးပြုသည့် ဖြစ်စဉ်မျိုး ကြုံတွေ့ခဲ့ရသည်။

မူဆယ်-မန္တလေးရထားလမ်း ဖောက်လုပ်ပြီးစီးချိန်တွင် ရထားလမ်းပိုင်း စီမံခန့်ခွဲမူနှင့် ကုန်စည်များအပေါ် ကြီးကြပ်စစ်ဆေးခွင့်ကို မြန်မာ့မီးရထားမှ ကိုင်တွယ်စီမံခွင့်ရရန် လိုအပ်မည်ဟု နယ်စပ်ဒေသအရေး၊ တရုတ်-မြန်မာဆက်ဆံရေး လေ့လာသူများက ပြောသည်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးရဲထွန်း(သီပေါ)ကမူ မူဆယ်-မန္တလေးအမြန်ရထားလမ်း ဖောက်လုပ်ရာတွင် မြန်မာအစိုးရက ငွေမစိုက်ဘဲ မြေနေရာပေးပြီး စီမံကိန်း၏ (၃၀)ရာခိုင်နှုန်း ရရှိရန် တောင်းဆိုသင့်သည်ဟု အကြံပြုသည်။  ထို့အပြင် ရခိုင်ပြည်နယ်ရှိ ကျောက်ဖြူရေနက်ဆိပ်ကမ်းအား လုပ်ကိုင်ခွင့်ပြုပြီးဖြစ်သည့် ရထားလမ်းစီမံကိန်းကို ကျောက်ဖြူနှင့်ပါ ချိတ်ဆက်စဉ်စားသင့်သည်ဟု ဆိုသည်။

“မူဆယ်-မန္တလေး ရထားလမ်း ဖောက်မယ်ဆိုရင် စီးပွားရေးအရ တွက်ခြေကိုက်ဖို့လည်း စဉ်းစားသင့်တယ်။ ရထားလမ်းအတွက် ကုန်စည်ရရှိဖို့ဆိုရင် လက်ရှိ ခွင့်ပြုပြီးသား ကျောက်ဖြူရေနက်ဆိပ်ကမ်းနဲ့ ဆက်စပ်နိုင်ရင် ပိုကောင်းမယ်။ ကျောက်ဖြူက ရှိပြီးသားဆိုတော့ ရထားလမ်းကို မန္တလေးတွင် ရပ်မထားဘဲ ကျောက်ဖြူအထိ ဆက်ဖောက်ရင် ရထားတွေအတွက် ကုန်စည်ရမယ်၊ ကျောက်ဖြူစီမံကိန်းလည်း စီးပွားရေးအရ အလုပ်ဖြစ်မယ်” ဟု  ဦးရဲထွန်း(သီပေါ)က ပြောသည်။

တရုတ်ချေးငွေများဖြင့် တည်ဆောက်ခဲ့သည့် သီရိလင်္ကာနိုင်ငံရှိ ကိုလံဘိုဆိပ်ကမ်းကြီး အကြွေးဝန်ပိကာ တရုတ်လက်သို့ ထိုးအပ်လိုက်ရခြင်းမှာ စီးပွားရေးအရ တွက်ခြေမကိုက်သည့်အတွက်ဖြစ်ကြောင်း ၎င်းက သုံးသပ်သည်။

တချိန်ထဲမှာပင် ရထားလမ်းဖောက်လုပ်ခွင့်ပေးခြင်းနှင့်အတူ မြန်မာနိုင်ငံကို တရုတ်၏ အထူးကုန်သွယ်ဖက် နိုင်ငံအနေဖြင့် ကုန်သွယ်ရေးဆိုင်ရာ အထူးအခွင့်အရေးများ ရရှိရေး တောင်းဆိုသင့်သည်ဟု ဦးရဲထွန်း(သီပေါ)က ဆိုသည်။

“မြန်မာ့လယ်ယာထွက်ကုန်တွေကို တင်ပို့တဲ့အခါမှာ လိုရင်လိုသလို၊ မလိုရင်မလိုသလို ဖမ်းဆီးတာတွေ မလုပ်ဖို့ပေါ့။ Quota (ခွဲတမ်း) ချပေးတာမျိုး မဟုတ်ဘဲ ဒီဘက်က ပို့သမျှကို ဝယ်ယူပါမယ်ဆိုတဲ့ ကတိမျိုးရဖို့ ညှိနိုင်းသင့်တယ်”ဟု ၎င်းက ပြောသည်။

တရုတ်နိုင်ငံအနေဖြင့်မူ အိန္ဒိယသမုဒ္ဒရာထွက်ပေါက်အတွက် မြန်မာနိုင်ငံကိုဖြတ်ကာ မီးရထားလမ်းဖောက်လုပ်နိုင်ရေး ကနဦးခြေလှမ်း စတင်နေပြီဖြစ်သည်။  မြန်မာနိုင်ငံအနေဖြင့်လည်း တရုတ်-မြန်မာ စီးပွားရေးစြင်္ကန် စီမံကိန်းကို အသုံးချကာ နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မူအတွက် လုပ်ဆောင်သင့်သည်ဟု မြန်မာ့အရေး လေ့လာသူများက အကြံပြုသည်။

ယာမြေခြံဝန်းအတွင်း တရုတ်နိုင်ငံသားများ ဝင်ရောက်တိုင်းတာသည်ကို ရပ်ကြည့်နေခဲ့ရသည့် ပုသိမ်ကြီးနှင့် ပြင်ဦးလွင်မြို့နယ်မှ ဒေသခံအချို့ကမူ စီမံကိန်းများ အကောင်အထည်ဖော်မည်ဆိုပါက ဒေသခံလူထုကိုလည်း ပွင့်လင်းမြင်သာစွာ ချပြသင့်သည်ဟု ပြောသည်။

မန္တလေးမြို့အနီး ရေတံခွန်တောင်ခြေရှိ ရွှေကျင်ရေကျေးရွာတွင် ခြံဝန်းတစ်ခုပိုင်ဆိုင်ပြီး တရုတ်နိုင်ငံသားများ လာရောက်တိုင်းတာသည်ကို ကိုယ်တိုင်ကြုံခဲ့သည့် မန္တလေးမြို့ခံ၊ သဘာဝစိမ်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့မှ ကိုမောင်မောင်ဦးကလည်း ရထားလမ်းစီမံကိန်းကြောင့် ဖြစ်ပေါ်လာနိုင်သည့် အခြေအနေနှင့် အကျိုးသက်ရောက်မူများကို ဒေသခံလူထုထံ ပိုမိုအသိပေးဖို့ လိုအပ်မည်ဟု ပြောသည်။

“စီမံကိန်းတွေနဲ့ ပတ်သက်ရင် ဒေသခံတွေက ခံခဲ့ရပေါင်းများနေပြီ။ တရုတ်တွေနဲ့ လုပ်တဲ့စီမံကိန်းဆိုရင် ပိုပြီးခံရတာတွေ၊ သင်ခန်းစာတွေရှိခဲ့ဖူးတယ်ပေါ့။ အခုကိစ္စမှာလည်း အစကတည်းက ယဉ်သကို လို့ ဆိုရမှာပဲ။ သူတို့တွေလာတယ်။ တိုင်းထွာတယ်။ ဘာစီမံကိန်းလဲ၊ ဘာလုပ်မှာလဲ မေးဖို့ မြန်မာစကားတတ်တဲ့သူမပါဘူး”ဟု ပြောသည်။

တို့ဟူးခြောက်ကြော်ရောင်းရင်း နေ့စဉ်ဘဝကို ဖြတ်သန်းနေသူ ကိုကျော်သူက အကြော်တဲလေးဘေးရှိ ကွန်ကရစ်တိုင်များက သူ့ကို ခြောက်လှန့်နေသလိုဟု ပြောသည်။

“အခုက နေရေးထိုင်ရေးရော အလုပ်လေးရော အခြေကျနေတာ။ ဒီတိုင်း ဆက်နေလို့ရရင်တော့ ကောင်းတာပေါ့။ စီမံကိန်းရှိတယ်ဆိုရင်တော့ ဘယ်တော့လာမလဲ။ ဘာတွေပြင်ဆင်ထားရမလဲ သိချင်တယ်”

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်