မန္တလေးတိုင်းတွင် တရုတ်ကုမ္ပဏီတစ်ခုက အမေရိကန်ဒေါ်လာ (၃၇)သန်း ရင်းနှီးမြုပ်နှံကာ နွားမွေးမြူရေးလုပ်ငန်း လုပ်ကိုင်မည်

ဇူလိုင် ၁၇။ ။မန္တလေးတိုင်းဒေသကြီး မလှိုင်မြို့နယ်တွင် တရုတ်ကုမ္ပဏီတစ်ခုက အမေရိကန်ဒေါ်လာ (၃၇)သန်း ရင်းနှီးမြုပ်နှံကာ နွားမွေးမြူရေးလုပ်ငန်း လာရောက်လုပ်ကိုင်မည်ဖြစ်သည်။

အဆိုပါ မွေးမြူရေးလုပ်ငန်း လုပ်ငန်းရန် ပြီးခဲ့သည့် ဇွန်လအကတည်းက  မြန်မာနိုင်ငံ ရင်းနှီးမြုပ်နှံမှု ကော်မရှင်(MIC)မှ ခွင့်ပြုပေးထားပြီး လက်ရှိတွင် မွေးမြူရေးလုပ်ငန်းများ သတင်လုပ်ကိုင်နိုင်ရန် ပြင်ဆင်နေဆဲဖြစ်ကြောင်း ရင်းနှီးမြုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမူ ဦးစီးဌာန(မန္တလေး)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

၂၀၁၇တွင် မြန်မာနိုင်ငံမှ ကျွဲ၊နွားများကို ပြည်ပသို့ တရားဝင်တင်ပို့ခွင့်ပြုခဲ့ပြီးနောက် တရုတ်နိုင်ငံသည် မြန်မာနိုင်ငံဘက်မှ တင်ပို့ရောင်းချသည့် ကျွဲ၊နွားအကောင်ရေ သိန်းနှင့်ချီကာ ဝယ်ယူခဲ့သည်။ ယခုအခါ တရုတ်ကုမ္မဏီတစ်ခုကပါ မြန်မာနိုင်ငံ၏ ကျွဲ၊နွားမွေးမြူရေးလုပ်ငန်းသို့ ဝင်ရောက်လာခြင်းဖြစ်သည်။

တရုတ်ကုမ္မဏီတစ်ခုမှ ပြည်တွင်းတွင် ကျွဲ၊နွားမွေးမြူရေးလုပ်ငန်း လာရောက်လုပ်ကိုင်မည်ဆိုသော်လည်း အဓိကရည်ရွယ်ချက်မှာ မွေးမြူရန်ထက် ကျွဲ၊နွားအရောင်းအဝယ် ဈေးကွက်တွင် ဝင်ရောက်လုပ်ကိုငရန်အတွက် ဖြစ်နိုင်ကြောင်း မန္တလေးတိုင်းဒေသကြီး ကျွဲ၊နွားတင်ပို့ ရောင်းချသူများအသင်းဥက္ကဌ  ဦးစိုးနိုင်က သုံးသပ်သည်။

“ကျွဲ၊နွား ပေါတဲ့ဒေသမှာ ထိုင်မယ်။ ကောင်ရေ နည်းနည်းမွေးပြမယ်။ ဒီမှာမွေးတာကို အကြောင်းပြပြီး လမ်းကြောင်းမှာ အေးအေးဆေးဆေး ယူသွားမယ်ဆိုတဲ့ ပုံစံပဲ။ ပြည်တွင်းက ကုန်သည်နဲ့ တောင်သူတွေအတွက် ဆုံးရှုံးမှုပဲ ရှိနိုင်တယ်” ၎င်းက ဆိုသည်။

ယခုကဲ့သို့ မြန်မာနိုင်ငံ၏ မွေးမြူရေးလုပ်ငန်းတွင် တရုတ်ကုမ္မဏီများ ဝင်ရောက်လာခြင်းနှင့်အတူ ကျွဲ၊နွားအရောင်းအဝယ် ဈေးကွက်အထိပါ ဝင်ရောက်လုပ်ကိုင်ပါက ပြည်တွင်းမှ တနိုင်တပိုင် ကျွဲ၊နွားတင်ပို့ရောင်းချသူများအပေါ် ထိခိုက်မည်ကို စိုးရိမ်ကြောင်း ပြည်တွင်း ကျွဲ၊နွားကုန်သည်များက ပြောသည်။

လက်ရှိတွင် တရုတ်နိုင်ငံသည် မြန်မာနိုင်ငံဘက်မှ ကျွဲ၊နွားတင်ပို့မူများကို တရားမဝင်ဟုဆိုကာ ဖမ်းဆီးနေသော်လည်း ယင်းနိုင်ငံအတွင်း ကျွဲ၊နွားအသားလိုအပ်ချက်များပြားပြီး ဈေးကွက်အခိုင်အမာ ရှိပြီးဖြစ်သလို နယ်စပ်ဒေသတွင်လည်း သားသတ်ရုံများ တည်ဆောက်ထားပြီးဖြစ်သည်ဟု ပြည်တွင်းကျွဲ၊နွားကုန်သည်များက ပြောသည်။  

ယခုဘဏ္ဍာနှစ် ၂၀၁၈အောက်တိုဘာမှ ၂၀၁၉ဧပြီအထိ နယ်စပ်ကုန်သွယ်ရေး စခန်းများမှတဆင့် ကျွဲ၊နွားအပါအဝင် တိရိစ္ဆာန်ထွက်ပစ္စည်းများ ပြည်ပတင်ပို့ရောင်းချမှုမှ  အမေရိကန်ဒေါ်လာ သန်း(၂၈၀)ခန့် ရရှိထားသည်ဟု  စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ထားသည်။

လက်ရှိ ဘဏ္ဍာနှစ်(၉)လအတွင်း မန္တလေးတိုင်းဒေသကြီးတွင် ရင်းနှီးမြုပ်နှံလုပ်ကိုင်ရန် MIC မှ ခွင့်ပြုခဲ့သည့် နိုင်ငံခြားရင်းနှီးမြုပ်နှံမူ လုပ်ငန်း(၁၁)ခု ရှိခဲ့သည်။ စက်မှုလုပ်ငန်း(၇)ခု၊ လျပ်စစ်လုပ်ငန်း(၁)ခု၊ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်း(၁)ခု၊ ပို့ဆောင်ရေးနှင့် ဆက်သွက်ရေးလုပ်ငန်း(၁)ခုနှင့် မွေးမြူရေးလုပ်ငန်း(၁)ခုဖြစ်ကာ  ရင်းနှီးမြုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ သန်း(၄၄၀)ကျော် ရှိကြောင်း ရင်းနှီးမြုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမူ ဦးစီးဌာန မှတ်တမ်းများတွင် ဖေါ်ပြထားသည်။ Author – နေကို (Mandalay In-depth News)

ပြည်ပသို့ တင်ပို့ရောင်းချမည့် နွားများ။ ဓါတ်ပုံ – ကျွဲ၊နွားပြည်ပတင်ပို့သူများ FB.

.

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်