မန္တလေးတွင် အများပြည်သူ ဘေးကင်းသည့် အစားအသောက်များ စားသုံးနိုင်ရေး အစိုးရမှ ကျပ်သန်း(၁၇၀၀) သုံးစွဲ လုပ်ဆောင်မည်

မန္တလေးနှင့် ညောင်ဦးတွင် အစားအသောက် ဓါတ်ခွဲခန်း(၂)ခုကိုပါ တည်ဆောက်မည်ဖြစ်

ထက်အောင်၊ ဇူလိုင်-၂၆

မန္တလေးတိုင်းဒေသကြီးအတွင်း နေထိုင်သည့် ပြည်သူများ ကျန်းမာရေးနှင့် ကိုက်ညီသည့် အစားအသောက်များ စားသုံးနိုင်ရေးအတွက် ကျပ်သန်း(၁၇၀၀)သုံးစွဲကာ အစားအသောက် ဘေးကင်းလုံခြုံရေး အစီအစဉ်တစ်ခု အကောင်အထည်ဖော် လုပ်ဆောင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

အဆိုပါ အစားအသောက်ဘေးကင်း လုံခြုံရေး အစီအစဉ် (Food Safety Project)ကို မန္တလေးတိုင်းအစိုးရအဖွဲ့မှ ဦးဆောင်ခြင်းဖြစ်ပြီး အဓိကလုပ်ငန်းအဖြစ် မန္တလေးနှင့် ညောင်ဦးမြို့တို့တွင် အစားအသောက် ဓါတ်ခွဲခန်း(၂)ခု တည်ဆောက်ခြင်း၊ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်း (SMEs)များအား သင်တန်းပို့ချခြင်းများ ပါဝင်မည်ဖြစ်ကြောင်း  ယင်းအစီအစဉ်၏ စီမံကိန်းဒါရိုက်တာ ဦးကျင်မောင်က ပြောသည်။

ထို့အပြင် မန္တလေးတိုင်းအတွင်းရှိ မြို့နယ်(၇)ခုတွင် ဓါတုပိုးသတ်ဆေး ကင်းလွတ်သည့် ဟင်းသီးဟင်းရွက်နှင့် သီးနှံစိုက်ခင်း ဧက(၂၈၀)ကျော် စမ်းသပ်စိုက်ပျိုးခြင်းနှင့် ညောင်ဦးမြို့နယ်အတွင်း မြေပဲစိုက်ခင်း ဧက(၂၀၀၀၀)စိုက်ပျိုးခြင်းများ ပါဝင်မည်ဖြစ်သည်ဟု စိုက်ပျိုးရေးဦးစီးဌာန၊ တိုင်းဦးစီးမှူး (ငြိမ်း)အဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့ဖူးသည့် ဦးကျင်မောင်က ဆိုသည်။

လက်ရှိတွင် မန္တလေးတိုင်းဒေသကြီးအတွင်း အစားအသောက်များကို ဓါတ်ခွဲစစ်ဆေးနိုင်သည့် ဓါတ်ခွဲခန်းမရှိဘဲ ဖြစ်နေရာ မန္တလေးနှင့် ညောင်ဦးတွင် ဓါတ်ခွဲခန်း(၂)ခု တည်ဆောက်မည်ဖြစ်သည်။ ယင်းဓါတ်ခွဲခန်းများမှ အစားအသောက်နှင့် ဟင်းသီးဟင်းရွက်များတွင် ဓါတုဓါတ်ကြွင်း ပါဝင်မူအခြေအနေ၊ မှိုအဆိပ်ပါဝင်မှုနှင့် စားသုံးရန် သင့်၊မသင့်စသည့်တို့ကို စစ်ဆေးမည်ဖြစ်သည်။ ထို့အပြင် ကြက်နှင့် ကြက်ထွက်ပစ္စည်းများတွင် ပဋိဇီဝဆေးအသုံးပြုမူ အခြေအနေ သုတေသနပြုခြင်းနှင့် ပညာပေးခြင်းများကိုလည်း လုပ်ဆောင်မည်ဟု ၎င်းက ဆိုသည်။

“အဓိကတော့ အများဆုံး ဓာတ်ကြွင်းခွင့်ပြုတာထက် ပို၊မပိုကို စစ်တာ၊ ဒါကို စားရင် အဆိပ်ဖြစ်တယ်၊ မဖြစ်ဘူးဆိုတာ တိကျတဲ့ အဖြေပေးနိုင်အောင် ဓာတ်ခွဲခန်း တည်ဆောက်ခြင်း ဖြစ်တယ်။ ဓာတ်ခွဲခန်းရှိမှ ဒီအစားအစာသည် စားရန်သင့်လား မသင့်ဘူးလားဆိုတာ သိမှာ။ သိပြီးမှ ပညာပေးလို့ရမှာ။ ခုဟာက နည်းမှန်း၊ များမှန်း အတိအကျမသိဘူး”ဟု ဦးကျင်မောင်က ပြောသည်။

အဆိုပါ ဓါတ်ခွဲခန်း(၂)ခု တည်ဆောက်ရန် မန္တလေးတွင် အဆောက်အဦး ရှိပြီးဖြစ်သော်လည်း ညောင်ဦးမြို့တွင်မူ အဆောက်အဦး မရှိသေးသည့်အတွက် လိုအပ်သည့် ပြင်ဆင်မူများ စတင်လုပ်ဆောင်နေပြီး ဓာတ်ခွဲခန်းသုံး စက်ပစ္စည်းများ တပ်ဆင်ရန် မကြာမီ တင်ဒါခေါ်ယူမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

ထို့အပြင် ယင်းဓာတ်ခွဲခန်းများတွင် တာဝန်ထမ်းဆောင်မည့် ဝန်ထမ်းများကိုလည်း ရန်ကုန်သို့ သင်တန်းစေလွှတ်မည်ဖြစ်ကာ အစပိုင်းတွင် ကျွမ်းကျင်ပညာရှင်များနှင့် ပူးတွဲတာဝန် ထမ်းဆောင်စေမည်ဖြစ်ဟု ၎င်းက ဆိုသည်။

ကြက်နှင့် ကြက်ထွက်ပစ္စည်းများတွင် ပဋိဇီဝဆေး ဓာတ်ကြွင်းပါဝင်မှုသည် စားသုံးသူများအတွက် ဆေးယဉ်ပါးမှု ဖြစ်စေနိုင်ပြီး လက်တလောတွင် ပဋိဇီဝဆေး ဓာတ်ကြွင်းပါဝင်မှုကို စစ်ဆေးနိုင်ခြင်းမရှိသေးကြောင်း မန္တလေးတိုင်းဒေသကြီး မွေးမြူရေးလုပ်ငန်းအဖွဲ့ဥက္ကဌ ဒေါက်တာကျော်ထင်က ပြောသည်။

 “လိုအပ်လို့ ပဋိဇီဝဆေး သုံးလိုက်တယ်ဆိုရင်တောင် သုံးပြီး သတ်မှတ်ရက် မပြည့်သေးရင် ဈေးကွက်ထဲကို မပို့သင့်ဘူး။ ပဋိဇီဝဆေးကြွင်းက စားသုံးတဲ့သူကို ထိခိုက်လာတဲ့အခါ ရောဂါဖြစ်တယ်ဆို ဆေးမတိုးတာမျိုး ဖြစ်တတ်တယ်။ အခု ပရောဂျက်က အဲလိုဆေးသုံးစွဲမှုနဲ့ ပတ်သက်ပြီး အသေးစိတ်ကို သုတေသနလုပ်မှာ ဖြစ်တယ်။ သင်တန်းပို့ချမှုတွေလည်း ပါဝင်မယ်၊ ထုတ်လုပ်တဲ့နေရာတွေ၊ မွေးမြူတဲ့နေရာတွေမှာ သုတေသနလုပ်တာလည်း ပါဝင်မယ်”ဟု ဒေါက်တာကျော်ထင်က ပြောသည်။

အစားအသောက် ထုတ်လုပ်သည့် လုပ်ငန်းများအပါအဝင် အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်း (SMEs)များကိုလည်း ကျန်းမာရေးအတွက် သင့်တော်သည့်ထုတ်ကုန် (Good Health Product)၊ စနစ်တကျ ကုန်ပစ္စည်းထုတ်လုပ်ခြင်း (Good Management Product) ဖြစ်လာရေး သင်တန်းပို့ချပေးမည့် အစီအစဉ်များ ပါဝင်မည်ဟု ဦးကျင်မောင်က ဆိုသည်။

လက်ရှိတွင် Food Safety Project ၏ အစိတ်အပိုင်းတစ်ခုအနေဖြင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မတ္တရာ၊ ပြင်ဦးလွင်၊ မြစ်သား၊ ကျောက်ဆည်၊ ရမည်းသင်းနှင့် ပျော်ဘွယ်မြို့နယ်များတွင် ဓါတုပိုးသတ်ဆေးကင်းသည့်  ပဲတောင့်ရှည်၊ ဘိုစားပဲ၊ ဂေါ်ဖီထုပ်၊ ခရမ်းချဉ်၊ ငရုတ်နှင့် ကန်စွန်းရွက်စိုက်ခင်း စုစုပေါင်း (၂၈၅)ဧက စိုက်ပျိုးထားပြီးဖြစ်ကာ ညောင်ဦးမြို့နယ်တွင် မြေပဲဧက(၂၀၀၀၀) စိုက်ပျိုးထားပြီးဖြစ်သည်ဟု ဆိုသည်။

မန္တလေးမြို့ရှိ ဈေးဆိုင်များတွင် ဓါတုဆိုးဆေးအသုံးပြုထားသည့် အစားအသောက်များ ရောင်းချနေခြင်း ရှိ၊မရှိ  အစားအသောက်နှင့်ဆေးဝါးကွပ်ကွဲရေးဦးစီးဌာန(FDA) မှ လိုက်လံစစ်ဆးစဉ်။ ဓါတ်ပုံ – FDA (မန္တလေး)

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်