မန္တလေးကျုံးဘေး မီးပွိုင့်စောင့်နေသည့် လူငယ်နှစ်ဦး ပြိုင်ကားဖြင့် နောက်မှဝင်တိုက်ခံရပြီး သေဆုံးမူ ပြိုင်ကားမောင်းသူကို စွဲချက်တင်

မောင်မင်းမော် ၊ ဇူလိုင်-၃၁

မန္တလေးကျုံးဘေးတွင် မီးပွိုင့်စောင့်နေသည့် ဆိုင်ကယ်စီးလူငယ်နှစ်ဦး ပြိုင်ကားဖြင့် နောက်မှဝင်တိုက်ခံရပြီး သေဆုံးခဲ့မူနှင့်ပတ်သက်၍ ပြိုင်ကားမောင်းသူကို ပြစ်မူဆိုင်ရာ ဥပဒေပုဒ်မ ပုဒ်မ ၃၀၄(က)  ဖြင့် အောင်မြေသာစံမြို့နယ်တရားရုံးက ဇူလိုင်(၃၁)ရက်တွင် စွဲချက်တင်အမိန့် ချမှတ်ခဲ့သည်။

ပြစ်မူဆိုင်ရာ ဥပဒေပုဒ်မ ၃၀၄(က)မှာ ပေါ့လျှော့ခြင်းကြောင်း သေစေမူဖြစ်ပြီး အမြင့်ဆုံးပြစ်ဒဏ် ထောင်(၇)နှစ်ဖြစ်စေ၊ သေစေလိုသော ရည်ရွယ်ချက်ပါလျှင် ထောင်(၁၀)နှစ်အထိဖြစ်စေ ချမှတ်နိုင်ကြောင်း ပြစ်မူဆိုင်ရာ ဥပဒေတွင် ဖော်ပြထားသည်။

၂၀၁၈ နိုဝင်ဘာ(၈)ရက် ည(၁၂)နာရီအချိန်ခန့်က မန္တလေးမြို့ ကျုံးတောင်ဘက်ခြမ်း (၇၈)လမ်းနှင့် (၂၆)လမ်းထောင့် လမ်းဆုံတွင် မီးပွိုင့်စောင့်နေသည့် ဆိုင်ကယ်ဖြင့် လူငယ်နှစ်ဦးကို (၇၈)လမ်းအတိုင်း မောင်းနှင်လာသည့် အနီရောင်ပြိုင်ကားတစ်စီးမှ နောက်မှဝင်တိုက်ခဲ့ရာ  အဆိုပါလူငယ်နှစ်ဦး ပွဲချင်းပြီး သေဆုံးခဲ့သည်။ ထို့အပြင် ပြိုင်ကားဝင်တိုက်သည့် အရှိန်ကြောင့် ယင်းမီးပွိုင့်ရှိ ယာဉ်ထိန်းရဲအဆောက်အဦးပါ ပျက်စီးခဲ့သည်။

ယင်းဖြစ်စဉ်မှ ပြိုင်ကားယဉ်မောင်းဖြစ်သူ သန်းထက်အောင်(၂၆နှစ်)ကို  အောင်မြေသာစံမြို့နယ် တရားရုံးမှ ဇူလိုင်(၁၈)ရက်တွင် ပြစ်မူဆိုင်ရာ ဥပဒေပုဒ်မ ၂၇၉ ဖြင့် စွဲချက်တင်ခဲ့ပြီးနောက် ယနေ့ထပ်မံ၍ ပုဒ်မ ၃၀၄(က)ဖြင့် စွဲချက်တင်ခြင်းဖြစ်သည်။ ပြစ်မူဆိုင်ရာ ဥပဒေပုဒ်မ ၂၇၉သည် အမြင့်ဆုံးထောင်ဒဏ် နှစ်နှစ်အထိဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်သည်။

တရားလိုများနှင့် တရားလိုပြသက်သေများ အပေါ် စစ်ဆေးပေါ်ပေါက်ချက်အရ ယခုကဲ့သို့ စွဲချက်တင်ခဲ့ခြင်းဖြစ်သည်ဟု အောင်မြေသာစံမြို့နယ် တရားရုံး သတင်းပြန်ကြားရေးအရာရှိ ဒေါ်မြင့်မြင့်ချစ်ကျော်က ပြောသည်။

ယခုကဲ့သို့ ပုဒ်မနှစ်ခုဖြင့် စွဲချက်တင်ခံထားရသည့် ပြိုင်ကားမောင်းသူသည် ဖုန်းအရောင်ဆိုင် ဝန်ထမ်းတစ်ဦးဖြစ်ကာ သူငယ်ချင်း၏ ကားကို ငှားရမ်းမောင်းနှင်ရာမှ ယာဉ်တိုက်မူဖြစ်ပွားခဲ့ခြင်းဟု တရားရုံးတွင် ထွက်ဆိုထားကြောင်း သေဆုံးသူ၏ ဖခင် ဦးအောင်စိုးမိုးက ပြောသည်။

“ကလေးနှစ်ယောက် အသက်ဆုံးရှုံးခဲ့ရတာ ဖြစ်တဲ့အတွက် ကလေးတွေအတွက် တရားမျှတမူ ရှိစေချင်တယ်။ အမှန်တရားတိုင်း ဖြစ်စေချင်တယ်”ဟု ဦးအောင်စိုးမိုးက ပြောသည်။

အဆိုပါအမှုကို စစ်ဆေးနေသည်မှာ ရုံးချိန်းပေါင်း(၃၀)ခန့်ရှိခဲ့ပြီဖြစ်သည်။ လာမည့် သြဂုတ် (၁၂)ရက်တွင် ဆက်လက်စစ်လက်စစ်ဆေးရန် ရုံးချိန်းခေါ်ယူထားသည်။

ပြိုင်ကာမောင်းသူကို ဇူလိုင်(၃၁)ရက်က အောင်မြေသာစံမြို့နယ် တရားရုံးတွင် ရုံးထုတ်စစ်ဆေးစဉ်။ ဓါတ်ပုံ – မင်းမော်။

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်