နိုင်ငံခြားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးတစ်ဦး မန္တလေးနေအိမ်သို့ ခေတ္တပြန်လာချိန် ကျပ်သိန်း(၁၄၀)ကျော် တန်ဘိုးရှိ ပစ္စည်းများ ခိုးယူခံရ

အရေးကြီးအချက်အလက်များပါ ရုံးသုံးလက်ပ်တော့တစ်လုံးနှင့်  ဖုန်း(၃)လုံး ပါသွား

အမ်တီ၊ ဇူလိုင်-၂၂

နေပြည်တော် နိုင်ငံခြားရေးဝန်ကြီးဌာနတွင် ညွှန်ကြားရေးမှူးအဖြစ် တာဝန်ထမ်းဆောင်နေသူတစ်ဦး မန္တလေးမြို့သို့ ရုံးပိတ်ရက်ခေတ္တအလည်ပြန်လာစဉ် အရေးကြီးအချက်အလက်များ ပါရှိသည့် ရုံးသုံးလက်ပ်တော့အပါအဝင် ကျပ်သိန်း(၁၄၀)ကျော် တန်ဘိုးရှိ ပစ္စည်းများ ခိုးယူခံခဲ့ရသည်။

ဇူလိုင်(၂၁)ရက် ညပိုင်းက မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် ၂၇လမ်း၊ ၇၂လမ်းနှင့် ၇၃လမ်းကြားရှိ နေအိမ်မှ လက်ပ်တော့ကွန်ပျူတာ၊ ဖုန်း၊ လက်ထပ်လက်စွပ်စသည့် ပစ္စည်းများပါရှိသော ကျောပိုးအိတ်တစ်လုံး ခိုးယူခံရခြင်းဖြစ်သည်ဟု ရဲ့မှတ်တမ်းတွင် ဖော်ပြထားသည်။

အဆိုပါ ကျောပိုးအိတ် ပျောက်ဆုံးမူနှင့်ပတ်သက်၍ မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် အမှတ်(၃)နယ်မြေရဲစခန်းတွင် ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၃၈၀(ခိုးမူ)ဖြင့် အမူဖွင့်ထားသည်။

နေပြည်တော် နိုင်ငံခြားရေးဝန်ကြီးဌာနတွင် ညွှန်ကြားရေးမှူးအဖြစ် တာဝန်ထမ်းဆောင်နေသည့် အသက်(၄၈)နှစ်အရွယ် အမျိုးသားသည် ဇူလိုင်(၂၁)ရက်တွင် မန္တလေးရှိ နေအိမ်သို့ ခေတ္တလာရောက်ခဲ့သည်။ ထို့နောက် နေအိမ်အောက်ထပ်ရှိ ဧည့်ခန်းတွင် ကျောပိုးအိတ်ကို ထားရှိကာ ယင်းအခန်းတွင်ပင် မိသားစုနှင့်အတူ အိပ်ယာဝင်ခဲ့ရာမှ ကျောပိုးအိတ် ခိုးယူခံရခြင်းဖြစ်သည်ဟု ဆိုသည်။ ည(၁၂)နာရီအချိန်တွင် အိပ်ယာဝင်ခဲ့ပြီး ဇူလိုင်(၂၂)ရက် နံနက်(၄)နာရီခန့်တွင် ကျောပိုးအိတ်ခိုးယူခံရသည်ကို သိရှိခဲ့ခြင်းဖြစ်ကြောင်း ရဲမှတ်တမ်းတွင် ပါရှိသည်။

၎င်းကျောပိုးအိတ်အတွင်း အရေးကြီးအချက်အလက်များပါ Dell အမျိုးအစား ရုံးသုံးလက်ပ်တော့ကွန်ပျူတာတစ်လုံး၊ ဖုန်း(၃)လုံး၊ ငွေကျပ်သိန်း(၅၀)နှင့် အမေရိကန်ဒေါ်လာ (၆၀၀)၊ လက်ထပ်စိန်လက်စွပ်(၂)ကွင်း၊ တစ်မတ်သားရွှေလက်စွပ်(၂)ကွင်းစသည့် ကျပ်(၁၄၂)သိန်းကျော် တန်ဖိုးရှိပစ္စည်းများ ပါရှိသည်ဟု ဆိုသည်။

ယင်းအိမ်၏ အောက်ထပ်တွင် ဘိလိယက်ခုံနှင့် အလှပြင်ဆိုင်ဖွင့်ထားပြီး ကျောပိုးအိတ်ထားရှိခဲ့သည့် ဧည့်ခန်းမှာ အလှပြင်ခန်းနှင့် ဘေးချင်းကပ်လျှက်ရှိကြောင်း၊ ထို့အပြင် ဧည့်ခန်းတံခါးမှာ လော့ပျက်နေပြီး ဂျက်ထိုးမရ၍ စေ့ထားရာမှ ယခုကဲ့သို့ ခိုးယူခံရခြင်းဖြစ်ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

အဆိုပါ ခိုးမူနှင့်ပတ်သက်၍ ကျူးလွန်သူကို ဖမ်းဆီးရမိရေးနှင့် သက်သေခံပစ္စည်းများ ပြန်လည်ရရှိရေး ဆက်လက်ဆောင်ရွက်လျှက်ရှိကြောင်း ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

ကျပ်သိန်း(၁၄၀)ကျော် တန်ဖိုးရှိ ပစ္စည်းများပါသည့် ကျောပိုးအိတ်ခိုးယူခံရမူနှင့်ပတ်သက်၍ မန္တလေးမြို့ အမှတ်(၃)ရဲစခန်းတွင် အမူဖွင့်ထားသည်။ ဓါတ်ပုံ – အမ်တီ။

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်