တရုတ်သို့ ဆန်တင်ပို့နိုင်ခြင်းမရှိသည့်အတွက် ဆန်အရောင်းအဝယ်ရပ်တန့်

ထက်အောင်၊ မေ-၁၃

တရုတ်နိုင်ငံသို့ ဆန်တင်ပို့ရောင်းချနိုင်ခြင်း မရှိသည့်အတွက် ဆန်ဈေးကွက်တွင် အရောင်းအဝယ် ရပ်တန့်နေကြောင်း မန္တလေးတိုင်းဒေသကြီး ဆန်စပါးကုန်သည်များအသင်း အတွင်းရေးမှူး ဦးစိုင်းကျော်က ပြောသည်။

တရုတ်နိုင်ငံသို့ တင်ပို့နေသည့် ဆန်လုံးရှည်၊ ဆန်ကြမ်းအမျိုးအစားများကို မြန်မာနိုင်ငံအောက်ပိုင်းဒေသများမှ ဝယ်ယူပြီး မန္တလေးမှတဆင့် မူဆယ်နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းအတိုင်း တင်ပို့သည်။ လက်ရှိတွင် တရုတ်နိုင်ငံမှ အဝယ်မရှိသည့်အတွက် မန္တလေးသို့ ဆန်အဝင်မရှိဘဲ အရောင်းအဝယ် ရပ်ဆန့်နေခြင်းဖြစ်သည်ဟု ဦးစိုင်းကျော်က ပြောသည်။

“မန္တလေးကို ဆန်က ထပ်မဝင်နိုင်ဘူး။ ဒီမှာရှိပြီးသား ဆန်တွေကိုတောင် ဘာလုပ်ရမလဲ မသိဘူး။ မူဆယ်မှာ ဆန်အိတ်ရေက ၁၀သိန်းကျော်ထိ သောင်တင်နေတယ်။ ဆန်က လတ်တလော မတင်ပို့နိုင်ဘူး”ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့်နှစ်ကုန်ပိုင်းမှစတင်ကာ တရုတ်နိုင်ငံမှ ဆန်အဝယ် ရပ်တန့်သွားခြင်းဖြစ်ပြီး လက်ရှိအချိန်ထိ မူဆယ်တွင် ဆန်တန်ချိန် (၆)သောင်းခန့် သောင်တင်နေသည်ဟု ဆန်ကုန်သည်များက ပြောသည်။

စပါးပေါ်ချိန်ဖြစ်သော်လည်း ဆန်၊စပါး အဝယ်မရှိသည့်အတွက် အခက်တွေ့နေရသလို ဆန်စက်များကပါ စပါးကြိတ်ခွဲခြင်းမရှိဘဲ ရပ်တန့်ထားကြကြောင်း မတ္တရာမြို့နယ် ကန်လည်ခုံကျေးရွာမှ လယ်သမားဦးမြင့်လွင်က ပြောသည်။

“နွားစာအတွက်ဖွဲလိုချင်လို့ ဆန်စက်ကိုပို့ပြီးရောင်းချင်တာကို ဆန်စက်က မပို့ပါနဲ့ဦးလို့ ပိတ်ထားတယ်။ ခုလက်ရှိက စပါးကို မရောင်းရသေးတာ။ သူတို့ဆီလည်း လက်ကြီးသမားတွေက မဝယ်လို့ ဆန်တွေ ပုံနေသေးတယ်လို့ စက်သမားတွေက ပြောတယ်”ဟု ဦးမြှင့်လွင်က ဆိုသည်။

တရုတ်သို့ တင်ပို့သည့် ဆန်အမျိုးအစားများ အရောင်းအဝယ် ရပ်တန့်နေသလို ဈေးနှုန်းလည်း ကျဆင်းနေပြီး လပိုင်းအတွင်း ဆန်တစ်အိတ်လျှင် ကျပ်(၃၀၀၀)ခန့် ဈေးကျသွားကြောင်း ဆန်ကုန်သည်များက ပြောသည်။

ရန်ကုန်မြို့ ဘုရင့်နောင် ဆန်စပါးကုန်စည်ဒိုင်မှ ထုတ်ပြန်သည့် မေလ(၁၃)ရက် ဈေးနှုန်းများအရ ကရင်မဆန်အမျိုးအစား တစ်အိတ်လျှင် ကျပ်(၁၉၅၀၀)ဖြစ်ပြီး ဇီယာနှင့် ဧည့်မထတစ်အိတ်လျှင် ကျပ်(၁၈၈၀၀) ဖြစ်သည်။ ပြီးခဲ့သည့် နှစ်ကုန်ပိုင်းက အဆိုပါဆန်တစ်အိတ်လျှင် ကျပ်(၂၂၀၀၀)ဝန်းကျင် ပေါက်ဈေးရှိခဲ့သည်။

လက်ရှိဖြစ်ပေါ်နေသော ဆန်စပါးဈေးကွက်၊ ဈေးနှုန်းအခြေတို့နှင့်ပက်သက်၍ ဒု-သမ္မတ(၂)အပါအဝင် ပြည်ထောင်စုဝန်ကြီးများ၊ ဒုဝန်ကြီးများနှင့် မေလ(၉)ရက်က တွေ့ဆုံကာ တင်ပြအကြံပြုမူများ လုပ်ဆောင်ထားကြောင်း မြန်မာနိုင်ငံဆန်းစပါးအသင်းချုပ်ကလည်း သတင်းထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံမှ ထွက်ရှိသည့် ဆန်နှင့် ကောက်ပဲသီးနှံများအား ကုန်စည်ဖလှယ်သည့်စနစ် (Barter Trade) ဖြင့် တရုတ်နိုင်ငံသို့ တင်ပို့နိုင်ရန် ယူနန်ပြည်နယ်အစိုးရနှင့် မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မူလက်မူ လုပ်ငန်းရှင်များအသင်းချုပ် (UMFCCI)တို့ ဧပြီ(၂၁)ရက်က နေပြည်တော် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရုံးတွင် နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးထားသည်။  ကုန်စည်ဖလှယ်သည့် စနစ်ဖြင့် ကုန်သွယ်နိုင်ရေး မေလ(၁၆)ရက်တွင် တရုတ်နိုင်ငံ ကူမင်းမြို့၌ ဆက်လက်ဆွေးနွေးရမည်ဖြစ်သည်။

မူဆယ်မြို့ရှိ ဆန်ဂိုဒေါင်တစ်လုံးကို တွေရစဉ် (ဓါတ်ပုံ – Sai Kyaw FB)

Leave a Reply

Your email address will not be published. Required fields are marked *