“တစ်ကျော့ နှစ်ကျော့ တေးကိုသီ”

မာမာအေး (ခေတ္တ အမေရိကန်နိုင်ငံ)

ကျွန်မစိတ်လေနေတာ နည်းနည်းကြာပြီ၊ နောက်ဆုံးလို့ ပြောရတာ သုံး၊လေးရက်မှာ ပိုဆိုးလာခဲ့ပါတယ်။ ကျွန်မဟာ ကဗျာရူးဖူးတဲ့သူဖြစ်လို့ “မယ်ခွေရဲ့ လက်ဆောင်”ကြောင့် စိတ်လေတာ စတယ်။ နောက်တခါ စိတ်လေဖြစ်တာက ကျွန်မရဲ့ ဖေ့စ်ဘွတ် မက်ဆင်ဂျာထဲကို မိတ်ဆွေတစ်ဦးက ပို့လိုက်တဲ့ “The Voice Myanmar Grand Final”  ပြိုင်ပွဲဆီက “တစ်ကျော့ နှစ်ကျော့ တေးကိုသီ”သီချင်း မြင်ရကြားရလို့ပါပဲ။

“မယ်ခွေ”ကို ရေးကြ၊ပြောကြသူတွေရှိခဲ့လို့ ခွေထားနိုင်ပေမယ့် ဒီပြိုင်ပွဲဝင် “တစ်ကျော့နှစ်ကျော့ တေးကိုသီ” သီချင်းလေးကျတော့ ကျွန်မလေးစားကြည်ညိုရတဲ့ “စာပေပညာရှင် ဆရာကြီး မင်းသုဝဏ်” “ဂီတအနုပညာရှင် ဂီတလုလင်မောင်ကိုကို” နဲ့ “အဆိုပညာရှင် တင်တင်မြ” အဘ၊ဆရာ၊ မမကြီးတို့ရယ်လေ.. ရင်မှာထင်လာ အခါခါမို့။

ကျွန်မလိုပဲ မြင်ရကြားရတဲ့ မိတ်ဆွေတွေရဲ့ ခံစားချက်တွေ ထင်မြင်ချက်တွေ ရေးသားထားကြတာ ဖေ့စ်ဘွတ်ခ်မှာ အများကြီးကိုး။ ကျွန်မလည်း ဂီတဝါသနာရှင် အကြီးစားဘဝကနေ ရောင်းတမ်းကြေးစားအဆိုတော်အဖြစ် ရပ်တည်နေဆဲကာလမှာ လွတ်လပ်စွာ ကွဲလွဲခွင့်တွေ၊ ဘယ်လိုပဲ ရှိပါစေ၊ ကျွန်မရပ်သင့်ရပ်ထိုက်၊ ပြောသင့်ပြောထိုက်၊ ဝေဖန်သင့်ဝေဖန်ထိုက်တာတွေ ရေးပြချင်စိတ် ဖြစ်လာခဲ့ပါတယ် ဒါကြောင့်ပါ။

တိုက်ရိုက် ဒဲ့ ပြောကြေးဆိုရင် “ဒီသီချင်းအသစ်ကို မကြိုက်ပါဘူး”၊ မကြိုက်နိုင်တဲ့အကြောင်းလည်း ရေးမှာပါရှင်။

ယခု မျက်မောက်ကာလ ဂီတသမားတချို့ “ဂီတမှူး”ဆိုတဲ့ ဂုဏ်ထူး ယူယူပြီးတော့ ကျွန်မတို့ မြန်မာသံဂီတလောကမှာ ဖူးပွင့်ဆဲ၊ လူကြိုက်များနေဆဲ သီချင်းကောင်းတွေကို သူတို့ပြန်ပြီး ဆန်းသစ်ခွင့်ရပြီဆိုတာနဲ့ မကောင်း ကောင်းကြောင်း၊ သူ့ဉာဏ်စွမ်းရှိသလောက် မူရင်းနဲ့ကွဲပြားအောင် အားထုတ်ကြ၊ ကြိုးစားကြ၊ သစ်သယောင်ပြုကြတာတွေ များပါတယ်။ ပြန်လည်ဆန်းသစ်တယ်ဆိုတိုင်း ကျွန်မတို့ရင်မှာ ဒုက္ခ-ဒုက္ခ မပျက်စီးပါစေနဲ့လို့ ဆုတောင်းနေရတော့တယ်။

ဒါကြောင့်မို့ တစ်ခါတစ်လေတော့ သွားနှင့်လေသော ဂီတအစ်ကိုတော် စိန်ဗိုလ်တင့် ပြောလေ့ရှိတဲ့ စကားလေးနဲ့ ကျီစယ်ချင်မိပါတယ်။ “အကောင်းမကုန်သေးဘူး” (ဂီတသမားဆို ဘာပြောတာလဲ သိပါတယ်)

ပြိုင်ပွဲမှာ ဆိုသွားခဲ့တဲ့ မိန်းကလေး၊ သူ့မှာ အသံအားရှိပါတယ်။ နောက်ခံဂီတအဖွဲ့ကြီးက ပေးတဲ့အသံနဲ့ လိုက်ဖက်အောင် ဆိုသွားတယ်။ စကားမပီတာကိုတော့ မြန်မာပြည်သူထဲက တောင်ပေါ်သွေးချင်းလေးလို့ ထင်မိတဲ့အတွက် အပြစ်ဆိုဖို့ မရှိပါဘူး။ သင်ပေးတဲဆရာကိုက စာမကျေ၊ စာအဖတ်နည်းတဲ့အတွက် ဒီသီချင်းရဲ့အစ ဘယ်ကဆိုတာတောင် ပြောပြပုံ မပေါ်ပါဘူးလေ။ သူကလေးက ခုမှ ပြိုင်ပွဲဝင်ဆဲ ရှိသေးတာကိုး။ ဒါပေမယ့် သူ့ကို လူတော့ သိသွားမှာပါ။ “တစ်ကျော့နှစ်ကျော့ တေးကိုသီ” ရုပ်သံကို ကြည့်ရတဲ့လူတွေအတွင်း ကြိုက်သူရော၊ မကြိုက်သူရော ဝင်ပြော ဝင်ရေးနေကြလို့ပေါ့ရှင်။

ကျွန်မတကယ်ပြောချင်တဲ့သူက ဒီသီချင်းကို ဦးဆောင်ပြီး အသစ်ဆင်ပေးလိုက်တဲ့ ပုဂ္ဂိုလ်ဖြစ်ပါတယ်။ ကျွန်မဒီလိုပြိုင်ပွဲတွေနဲ့ ကင်းအောင်နေပါတယ်။ ကြည့်ဖြစ်ရင် အလိုလိုနေရင်း အကုသိုလ်ဖြစ်နိုင်လို့ပါရှင်။ ခုဟာက ကိုယ့်ဆီရောက်ချလာတာ ြက်ည့လိုက်ပါဆိုတဲ့သဘော။

ကျွန်မတို့လို အဆိုတော်တွေမှာ ကိုယ်ဆိုရမယ့် သီချင်းရဲ့ အဓိပ္ပာယ်၊ သီချင်းဖြစ်လာခြင်း ဇစ်မြစ်ရှာဖို့၊ အသိရှိဖို့ ဝတ္တရားရှိပါတယ်။ ခေါင်းဆောင်ရမယ့် ဂီတဆရာက အဆိုတော်ထက်ပိုပြီး သိဖို့လိုအပ်တယ်။

သီချင်းစာသား သို့မဟုတ် ကဗျာကို သီကုံးဖွဲ့နွဲ့သူရဲ့ ဖြစ်လိုမူ ဆန္ဒကို သိဖို့ရာ သူ့စာက ဘာကိုအလေးအနက် အဓိကထားသလဲ။ အဓိပ္ပာယ်အပူလား၊ အအေးလား၊ သဘာဝလား၊ မေတ္တာဖွဲ့လေလား၊ မေတ္တာဖွဲ့ဆိုရင်လည်း ၅၂၈လား၊ ၁၅၀၀လား များစွာ များစွာ။

ကြည့်ဖြစ်လိုက်တဲ့ “တစ်ကျော့နှစ်ကျော့ တေးကိုသီ” ရိုက်ချက်မှာ မြန်မာစည်း တီးပြတာလည်း တွေ့ပါတယ်။ “သံလွင်” လို့ခေါ်တဲ့ စည်းမျိုးပါ။ မြန်မာ့ဆိုင်းဝိုင်းတွေမှာ သုံးတဲ့ စည်းသံလွင်ကို ဒီလိုကာလပေါ်သီချင်းမျိုးမှာ သုံးလေ့မရှိပါဘူး။ အငြိမ့်သီချင်းတော့ ချို့ယွင်းချက်ရှိပါတယ်။

တာထွက်ကလေး ရေးရေးရှိသေး စောင်းသံပေးတော့ ပင်ကိုယ်မြန်မာ့စောင်းသံလို မဟုတ်၊ ဘယ်လိုစက်နဲ့ ချုပ်ထားပါလိမ့်။ စောင်းသံအတုလိုကြားမှာ ကျွန်မရင်ထဲ ပေါ်လာတာက မူရင်း “ပန်းသည်” ကဗျာလေးပါ။

       “ပန်းသည်”

မောင်လေးရေ ထပါတော့၊

ရောင်နီလာလှပေါ့။

တစ်ကျော့နှစ်ကျော့ တေးကိုသီ၊

ငှက်ကျား နှုတ်ပလီ။

တောင်ဆီနားက ခရေပန်း

ပင်အောက်ကြိုင်လို့လန်း။

ဗန်းလေးယူခဲ့ မောင်လေးရယ်၊

သွားကောက်ချေစို့ကွယ်။

ပန်းသည်လုပ်ဖို့ တပြုံးပြုံး၊

ပန်းတွေ တကုံးကုံး။  ။

တစ်ကျော့နှစ်ကျော့ တေးကိုသီ သီချင်းမှာ “မောင်လေးရေ ထပါတော့၊ ရောင်နီလာလှပေါ့”၊  “တစ်ကျော့နှစ်ကျော့ တေးကိုသီ ငှက်ကျားနှုတ်ပလီ” ဆိုတဲ့ ဟာပိုဒ်လေးတွေဟာ မြန်မာစာပေဝင် ကဗျာပညာရှင်ကြီး မင်းသုဝဏ်ရဲ့ နှလုံးသည်းပွတ်က လွတ်ကျစီးမျော ကဗျာတောက “ပန်းသည်”မှာ စပ်ဆိုထားတဲ့ ကဗျာနှစ်ပိုဒ်ပါပဲ။ ဘယ်သူ့အတွက်လဲဆိုရင် “မောင်ခွေးဖို့” တဲ့ရှင်။

ကျွန်မတို့ ကျေးလက်တွေမှာ ကလေး၊ သား၊ မြေးတွေကို ချစ်စနိုးနဲ့ အလွယ်ခေါ်တတ်တဲ့ နာမည်လေးမို့ “Burmese Nursery Songs” လို့ အင်္ဂလိပ်ဘာသာနဲ့ပါ ပြန်ဆိုရေးသားထားတဲ့ ကဗျာစာအုပ်လေး ထုတ်တော့လည်း “မောင်ခွေးဖို့” ပါပဲ။

မောင်ခွေဖို့ ကဗျာ(၁၃)ပုဒ်မှာ ဂီတသင်္ကေတကိုယ်စီနဲ့ပါ။ “K”လို့ ကလောင်အမည်ခံထားတဲ့ “ဦးခင်ဇော်” (မြန်မာ့အသံကို ထူထောင်ခဲ့သူ ညွှန်ကြားရေးမှူး) ထည့်သွင်းထားတဲ့ အသံချိုးလေးတွေကို ဟိုအခါက “မမမေရှင်” ဆိုခဲ့တာပေါ့။

ပန်းချီဆရာကြီး ဦးဘဉာဏ်ရဲ့ လက်ရာတွေကလည်း ချစ်စရာ၊ “ပန်းသည်”ကဗျာလေးက မနက်မလင်းခင် မောင်နှမနှစ်ဦး ခရေပန်းကလေးတွေ သွားကောက်သီကုံး တပြုံးပြုံးပျော်ဖို့ရာ မောင်လေးကို နှိုးတာရှင်။ ရိုးရှင်းလိုက်တာမှ မောင်လေးငယ် ကိုယ်တုံးလုံး ဗန်းကလေးနဲ့ဖုံးလို့။

“ပန်းသည်”ဟာ သီချင်းလေးဖြစ်သွားပြီနော်။ အဲ့ဒီ “ပန်းသည်” ကဗျာလေးရဲ့ အပေါ်စာနှစ်ပိုဒ်နဲ့ ဂီတတေးသွားလေး စည်းဝါးကို “တစ်ကျော့နှစ်ကျော့ တေးကိုသီ” ရုပ်ရှင်သီချင်းရေးဖို့ ဂီတစာဆိုကျော် ဂီတလုလင် မောင်ကိုကို တာဝန်ခံခဲ့ရတဲ့အခါ တေးနိဒါန်းသဖွယ် ရွေးချယ်အစပျိုးခဲ့ပါတယ်။

ရုပ်ရှင်မှာ ရည်ညွှန်းရမှာ မင်းသားနဲ့ မင်းသမီးဖြစ်လေတော့ “ညီမလေးရေ ထပါတော့” နှစ်ကျော့ပြန်ဆိုစေခဲ့တာပေါ့။ အင်မတန်ချိုမြိန်တဲ့ ဂရုဏာသံနဲ့ မေတ္တာဖွဲ့ “တစ်ကျော့နှစ်ကျော့ တေးကိုသီ” ဇတ်ဝင်သီချင်းကို သီဆိုခဲ့တာ နိုင်ငံကျော် အဆိုတော် “တင်တင်မြ” ဖြစ်ပါတယ်။ သူကိုယ်တိုင် ခေါင်းဆောင်မင်းသမီးအဖြစ် ပါဝင်ရင်းသီဆိုတဲ့ သီချင်းပါ။ ဆရာကြီး မင်းသုဝဏ်ပေးတဲ့ မောင်နှမနှစ်ဦး ပန်းကောက်တဲ့ အပြုံးမေတ္တာဖွဲ့လေးဟာ ဂီတဝိဇ္ဇာဓိုရ် မောင်ကိုကို လက်မှာ အပြုံးကသီကရီ မေတ္တာစစ်ဆီ နှိုးပြတဲ့အဖြစ်ရောက် ပေါက်မြောက်ခဲ့တာ အခုထိပါပဲ။

အဲဒီလောက် ဂုဏ်မြောက်နေဆဲ ဂန္ဓဝင်သီချင်းကိုများ တခြားစီဖြစ်အောင် အဆန်းထွင် အသစ်ဆင်ရက်ပါပေရဲ့။

စည်းသံလေး ပြ၊ စောင်းသံလေး ပြ၊ မထင်တာတွေကြားရ၊ “Key” ခေါ်တဲ့ မူတည်သံ၊ မြန်မာ့အသိမှာ တျာသံ၊ အဲဒီကနေ တစ်သံပြီးတစ်သံ၊ မြင့်ပြီးရင်းမြင့်၊ တက်ပြီးရင်းတက်၊ ဘက်ပြန်တဲ့အသံအက်ကိုး ရွှေနားဝင်ဆိုးလွန်းလို့၊ မဟာဂီတ မိနဲ့ဖရယ် “မယ် သေချင်လိုက်ပါဘိ” တမ်းမိ၊ ဆိုမိ လိုက်ပါတယ်။

ဒီမယ် ဒီမယ် အေးငြိမ်းပြုံးရွှင် ပန်းသည်ခင်ကို စစ်သွေးမာန်ဝင် ဖြစ်စေချင်တာလား။ မောင်ညီမတွေ ထိပ်ခေါက်၊ ကန်ကျောက်စေချင်တာလား၊ ချစ်အားမှန်းမသိ၊ စစ်အားမှန်းမသိ၊ မြင်းစီးပြီး အထီးမှန်း အမမှန်းမသိ၊ ကျွန်မတို့သိအောင် ဘာတွေပြချင်တာလဲ မသိတော့ဘူး။

“တစ်ကျော့နှစ်ကျော့ တေးကိုသီ” ကို ကြည့်ရတာမှာ မကြိုက်ဆုံးကတော့ “မောင်လေးရေ ထပါတော့ ရောင်နီလာလှပေါ့” ဆိုတဲ့ စာသားကို ထပ်ခါ ထပ်ခါ အသံသေး အသံကြောင် မရောက်ရုံတမယ် အာဗြဲစိန်လုပ်ခိုင်းခဲ့တာကိုပဲ ထပ်တွန့်စရာလား။

“ဂီတလုလင်မောင်ကိုကို” ဆိုတဲ့ ကျွန်မတို့ရဲ့ ဂီတဖခင် အနုပညာရှင်ကြီးဟာ ဘက်စုံတော်လို့၊ တတ်လို့ “ဂီတလုလင်” အမည်တွင်ခဲ့တာပါရှင်။ အခု ဆန်းသစ်လိုက်တယ်ဆိုတဲ့ စတိုင်လ်မျိုးတော့ သနားနေမှာ၊ ဘယ်လိုဂီတမှူးကြီးမျိုးလဲ၊ သီချင်ရင် စန္ဒရားပညာရှင် တစ်အုပ်တမနဲ့ ဖန်တီးပြထားခဲ့တဲ့ “ဂီတနန္ဒဝန် ဂီတပွဲကြီး” ရှိပါတယ်။ ဓါတ်ပြား နှစ်ချပ်တွဲမှာ ရှာကြည့်လေ့လာစေချင်ပါတယ်။

ပညာရှင်မင်းလို သူ မလုပ်ဘဲ ထားခဲ့တာ ဆရာကြီးမင်းသုဝဏ်ရဲ့ စာပေဂုဏ်၊ ပညာဂုဏ်သိက္ခာတို့ကို အလေးထားလို့ ချစ်မြတ်နိုးအပ်လို့ မကျော်တာမှတ်။ မေတ္တာဘွဲ့ သွေးရိုးသားရိုး ဂုဏ်မပျက် စာအနွဲ့လေးတွေသာ ဆက်ရေးသွားပါတယ်။

နိုင်ငံတကာစံ ဝင်ချင်သပဆိုလည်း ကိုယ်တိုင်ရေးကြ၊ ကိုယ်တိုင်ထုတ်လုပ်ကြပါ။ ကျွန်မတို့ ကြိုဆိုအားပေးနေမှာပါ။ စီးလာတဲ့ ရေအလျင်မှာ ကျူပင်နဲ့ မတားပါဘူး။ ကျွန်မတို့ မြန်မာတွေ အမြတ်တနိုးထားတဲ့ ဂန္ဓဝင်သီချင်းတွေကို မြန်မာစာအနေနဲ့ ထားရစ်ခဲ့ကြပါ။

မြန်မာစိတ် မြန်မာ့အသွေး ပျောက်သွားတဲ့အချိန်တစ်ခု ရောက်ခဲ့မယ်ဆိုရင်တောင် “ဖလ်ပေါင်းချောင်”နဲ့ ကျွန်မတို့ သိမ်းထားခဲ့ရမှာပါ။ ကျွန်မတို့ဟာ မြန်မာပြည်က မြန်မာတွေလေ၊ ဟုတ်တယ်နော်။  ။

မာမာအေး

ခေတ္တ အမေရိကန်နိုင်ငံ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်