စည်းကမ်းမဲ့အမှိုက်ပစ်သူများကို မန္တလေးစည်ပင်က ငွေဒဏ်သာမက (၆)လအမှိုက်ကောက်ရမည့် လူမူရေးပြစ်ဒဏ်ပါ ချမှတ်

မောင်မင်းမော် ၊ မေ – ၁၂

စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်သူများကို မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီမှ ငွေဒဏ်အပြင် (၆)လအမှိုက်ကောက်ရမည့် လူမူရေးပြစ်ဒဏ်များပါ ချမှတ်အရေးယူလျှက်ရှိကြောင်း စည်ပင်သာယာ သန့်ရှင်းရေးဌာနမှူး ဦးလှမျိုးက ပြောသည်။

ယခုကဲ့သို့ စည်းကမ်းမဲ့အမှိုက်စွန့်ပစ်သူများကို လူမူရေးပြစ်ဒဏ်ချမှတ်ခြင်းမှာ မန္တလေးမြို့တွင် ပထမဆုံးအကြိမ်ဖြစ်သည်။

စည်းကမ်းမဲ့အမှိုက်စွန့်ပစ်မူအတွက် လူမှုရေးပြစ်ဒဏ် ချမှတ်ခံရသူသည် မန္တလေးမြို့တော်စည်ပင် ဦးဆောင်ကာ နှစ်ပတ်လျှင်တစ်ကြိမ် တနင်္ဂနွေနေ့တိုင်း ပြုလုပ်သည့် စုပေါင်းအမှိုက်ကောက်ပွဲတွင် ခြောက်လတိတိ အတူလိုက်ပါ အမှိုက်ကောက်ရမည်ဖြစ်သည်ဟု ဦးလှမျိုးက ရှင်းပြသည်။

လက်ရှိတွင် စည်းကမ်းမဲ့အမှိုက်စွန့်ပစ်သော မန္တလေးမြို့မှ စီးပွားရေးလုပ်ငန်း (၂)ခုကို ပြီးခဲ့သည့် မတ်လမှစတင်ကာ ငွေဒဏ်အပြင် လူမူရေးပြစ်ဒဏ်များပါ ချမှတ်ထားသည်ဟု မန္တလေးမြို့တော်စည်ပင် တာဝန်ရှိသူများက ပြောသည်။

တိုင်းအစိုးရ၊ စည်ပင်သာယာနှင့် ပူးပေါင်းအဖွဲ့များမှ အမှိုက်ကောက်ပွဲပြုလုပ်ပြီး နောက်တစ်နေ့တွင် ယင်းနေရာများသို့ လာရောက်၍ စည်းကမ်းမဲ့အမှိုက်စွန့်ပစ်ခဲ့သော မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်မှ ကျန်းမာရေးဖျာလုပ်ငန်းနှင့် မဟာအောင်မြေမြို့နယ်မှ Boss KTV တို့ကို ဒဏ်ငွေကျပ်(၂)သိန်းစီနှင့် လူမူရေးပြစ်ဒဏ်အဖြစ် (၆)လအမှိုက်ကောက်ရန် ပြစ်ဒဏ်ချမှတ်ထားခြင်းဖြစ်သည်ဟု သန့်ရှင်းရေးဌာနမှ သတင်းရရှိသည်။

အဆိုပါ စီးပွားရေးလုပ်ငန်းများအနေဖြင့် ၎င်းတို့တွင်ရှိသည့် ဝန်ထမ်းအင်အား၏ ထက်ဝက်ခန့်ကို မန္တလေးမြို့တော်စည်ပင်မှ ဦးဆောင်ပြုလုပ်သည့် စုပေါင်းအမှိုက်ကောက်ပွဲတွင် ခြောက်လတိတိ အတူလိုက်ပါ အမှိုက်ကောက်ရမည်ဖြစ်သည်။

“ကျွန်တော်တို့က လူမှုရေးပြစ်ဒဏ်ကို ဘယ်သူ့မှမချသေးဘူး။ သူတို့ကိုတော့ ထူခြားဖြစ်စဉ်အနေနဲ့ ဖြစ်စဉ်ပေါ်မူတည်ပြီးတော့ ကော်မတီက ဆုံးဖြတ်လိုက်တာ” ဟု ဦးလှမျိုးက ပြောသည်။

သို့သော် လူမူရေးပြစ်ဒဏ်ချမှတ်ခြင်းမှာ ဥပဒေအရ အပြစ်ပေးခြင်းမဟုတ်ဘဲ အခြေအနေပေါ် မူတည်ကာ စည်ပင်ကော်မတီ ဆုံးဖြတ်ချက်ဖြင့် ပြစ်ဒဏ်ပေးခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။

“ကျွန်တော်တို့က လူမူရေးပြစ်ဒဏ် ချမှတ်မယ်လို့တော့ မသတ်မှတ်ရသေးဘူး။ စည်းကမ်းတွေ၊ ဥပဒေတွေတော့ မထုတ်ထားသေးဘူး”ဟု ဦးလှမျိုးက ပြောသည်။

အမှိုက်စွန့်ပစ်ရာတွင် သတ်မှတ်ထားသည့် နေရာများတွင်သာ စွန့်ပစ်ရန် စည်ပင်သာယာက စည်းကမ်းသတ်မှတ်ထားသည်။ စီးပွားရေးလုပ်ငန်းသုံး အမှိုက်များနှင့် ဆေးရုံသုံးအမှိုက်များကို စည်းကမ်းမဲ့စွန့်ပစ်မူများ တွေ့ရှိပါက ယခုကဲ့သို့ လူမှုရေးပြစ်ဒဏ်များ ဆက်လက်ချမှတ် အရေးယူဖွယ်ရှိသည်ဟု စည်ပင်သာယာ တာဝန်ရှိသူများက ပြောသည်။

မန္တလေးမြို့တော် စည်ပင်သာယာရေးအနေဖြင့် မြို့တော်သန့်ရှင်းရေးနှင့် အများပြည်သူ စည်ကမ်းတကျ အမှိုက်စွန့်ပစ်စေရန် ပညာပေးသည်နေဖြင့် ၂၀၁၈ ဧပြီမှစတင်ကာ တနင်္ဂနွေနေ့တိုင်း စုပေါင်းအမှိုက်ကောက်ပွဲများ ပြုလုပ်လျှက်ရှိသည်။

မန္တလေးမြို့တွင် စည်ပင်သာယာမှ ဦးဆောင်၍ တနင်္ဂနွေနေ့ စုပေါင်းအမှိုက်ကောက်နေကြစဉ် (ဓါတ်ပုံ- Ye Lwin FB)

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်