ချက်နိုင်ငံသံအမတ်ကြီးက သူ၏ကိုယ်ပိုင်ငွေဖြင့် ပုဂံရှိ ရှေးဟောင်းဘုရားတစ်ဆူ ပြုပြင်ထိန်းသိမ်းရန် လှုဒါန်းမည်

ထက်အောင်၊ ဇူလိုင်-၂၈

မြန်မာနိုင်ငံဆိုင်ရာ ချက်သမ္မတနိုင်ငံ သံအမတ်ကြီး Mr. Jaroslav Doleck က သူ၏ ကိုယ်ပိုင်ငွေဖြင့် ပုဂံဒေသရှိ ရှေးဟောင်းဘုရားတစ်ဆူအား ပြုပြင်ထိမ်းသိမ်းရန် လှူဒါန်းမည်ဖြစ်သည်။

ချက်သမ္မတနိုင်ငံအနေဖြင့် မဟုတ်ဘဲ သံအမတ်ကြီး၏ ကိုယ်ပိုင်ငွေဖြင့် လှုဒါန်းမည်ဖြစ်ပြီး ယင်းသို့ လှူဒါန်းနိုင်ရန် ဇူလိုင်(၂၆)ရက်က ပုဂံဌာနခွဲရုံးသို့ လာရောက်တွေ့ဆုံ ဆွေးနွေးခဲ့သည်ဟု  ရှေးဟောင်းသုသေတနနှင့် အမျိုးသားပြတိုက်များဦးစီးဌာန (ပုဂံဌာနခွဲ) ဒုတိယညွှန်ကြားရေးမှူး ဦးမြင့်သန်းက ပြောသည်။

“သံအမတ်ကြီးအနေနဲ့ ဘုရားတစ်ဆူကို ပြုပြင်လိုကြောင်း ကမ်းလှမ်းတယ်။ သူလာပြီးဆွေးနွေးခဲ့တယ်။ အဲဒီဆွေးနွေးပွဲမှာ ပြုပြင်ဖို့လိုတဲ့ ဘုရားတွေထဲက နှစ်ဆူကို ရှင်းလင်းပြခဲ့တယ်။ သံအမတ်ကြီးက အဲအထဲက တစ်ဆူကို ရွေးချယ်ပြီး လှုဒါန်းမှာဖြစ်တယ်”ဟု ဦးမြင့်သန်းက ပြောသည်။

ပုဂံဒေသရှိ ပြုပြင်ထိန်းသိမ်းရန် လိုအပ်သည့် ဘုရားစေတီများအနက် ဘုရားအမှတ် (၃၂၄)နှင့် (၁၁၃၀)အား အဆိုပြုရှင်းပြခဲ့သည်ဟု ၎င်းက ပြောသည်။ အဆိုပါ ဘုရားနှစ်ဆူအနက်မှ တစ်ဆူကို  သံအမတ်ကြီးမှ ရွေးချယ်မည်ဖြစ်ပြီး လက်ရှိတွင် ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းအတွက် ခန့်မှန်းကုန်ကျစရိတ် တွက်ချက်နေသည်ဟု ဆိုသည်။

“အဲဒီနေ့ကပဲ ဘုရားနှစ်ဆူကို လိုက်ပြခဲ့တယ်။ သူကတော့ နိုဝင်ဘာလောက်မှာ စချင်တယ်လို့ ပြောတယ်။ ခွင့်ပြုချက်ရဖို့အတွက်တော့ အဆင့်တွေ ကျန်သေးတယ်”ဟု ဦးမြင့်သန်းက ပြောသည်။

လက်ရှိတွင် တရုတ်၊ ဂျပန်၊ ကိုရီးယား၊ ဂျာမဏီ ၊ တောင်အာဖရိက၊ ကနေဒါ၊ အမေရိကန်၊ အိန္ဒိယ၊ စင်ကာပူ၊ ထိုင်း၊ ပြင်သစ်စသည့် နိုင်ငံ(၁၁)နိုင်ငံနှင့်  နိုင်ငံတကာ အဖွဲ့အစည်းနှစ်ခုဖြစ်သည့် UNESCO၊ ကမ္ဘာ့ဘဏ်တို့၏ အကူအညီများဖြင့် ပုဂံရှေှးဟောင်း ယဉ်ကျေးမှုဇုန်အတွင်းရှိ ငလျှင်ဒဏ်သင့် ဘုရားစေတီများအား ပြုပြင်ထိန်းသိမ်းလျှက်ရှိကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိူးသားပြတိုက်ဦးစီးဌာန(ပုဂံဌာနခွဲ)မှ သတင်းရရှိသည်။

အထက်ပါအကူအညီများဖြင့် အာနန္ဒာဘုရား ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများ ပြီးစီးပြီဖြစ်ကာ  အခြားဘုရားစေတီ ရှစ်ဆူအား ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများ လုပ်ဆောင်လျှက်ရှိသည်။

ထို့အပြင် လာမည့် အောက်တိုဘာမှစတင်ကာ အိန္ဒိယနိုင်ငံ၏ အကူအညီဖြင့် ပုဂံဒေသရှိ ဘုရားစေတီ (၁၀)ဆူခန့် စတင်ပြုပြင်ထိန်းသိမ်းမည်ဖြစ်ပြီး အိန္ဒိယနိုင်ငံအနေဖြင့် ပုဂံရှိ ဘုရားစေတီ(၉၀)ကျော်အား ပြုပြင်ထိန်းသိမ်းရန် ကူညီပေးမည်ဖြစ်သည်။

အထက်ပါ နိုင်ငံ(၁၁)နိုင်ငံနှင့် နိုင်ငံတကာအဖွဲ့အစည်း နှစ်ဖွဲ့သည် ပုဂံယဉ်ကျေးမှု အမွေအနှစ်ဒေသအတွင်းရှိ ရှေးဟောင်းအဆောက်အအုံများ ပြုပြင်ထိန်းသိမ်းခြင်း၊ နံရံဆေးရေးပန်းချီများ ထိန်းသိမ်းခြင်း၊ တူးဖော်သုတေသနလုပ်ငန်းများ လုပ်ဆောင်ခြင်း၊ မြေအောက် ရှေးဟောင်းအထောက်အထားများ ရှာဖွေခြင်း၊ ပြတိုက်ပစ္စည်းများ ထိန်းသိမ်းခြင်း၊ ပြတိုက်ပစ္စည်းများ စနစ်တကျ မှတ်တမ်းပြုစုခြင်း၊ စနစ်တကျ မှတ်တမ်းထိန်းသိမ်းခြင်းနှင့် အလုပ်ရုံဆွေးနွေးပွဲများ၊  မြေပုံရေးဆွဲခြင်းစသည့် လုပ်ငန်းများကို နိုင်ငံတကာ ကျွမ်းကျင်ပညာရှင်များ၊ ဌာနမှဝန်ထမ်းများဖြင့် ပူးပေါင်းလုပ်ဆောင်နေကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိူးသားပြတိုက်ဦးစီးဌာန(ပုဂံဌာနခွဲ)မှ သတင်းထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံဆိုင်ရာ ချက်သမ္မတနိုင်ငံ သံအမတ်ကြီးနှင့် ပုဂံရှေးဟောင်းနယ်မြေ တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးနေစဉ်။ ဓါတ်ပုံ – Bagan Arch

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်